ထိုင်းမှာ ၁ဝ ရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၇ဝ ကျော် ဖမ်းဆီးခံရ

မတ်လ ၁ ရက်နေ့ကနေ ၁၀ ရက်ထိ ၁၀ ရက်အတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမား ၆၇၇ ဦးနဲ့ ထိုင်းလူမျိုး လူပွဲစား ၁၅ ဦး တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ခံရတယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“နယ်စပ်အသီးသီးကနေ ဝင်လာပြီးတော့ ထိုင်းနိုင်ငံအတွင်းပိုင်းမြို့တွေကို သွားဖို့ပဲ။ ထိုင်းနိုင်ငံက ဝင်ငွေပိုရတဲ့ မြို့ကြီး ပြကြီးမှာ ရွှေ့ပြောင်းလုပ်ကိုင်ဖို့အတွက် အိမ်ပေါင်၊ ခြံပေါင်၊ လယ်ပေါင် အတိုးကြီးကြီးငှားပြီး လာကြတာ။ သူတို့ရဲ့ မူလရည်မှန်းချက်ပန်းတိုင်ကို ဘယ်အပျောက်ခံကြမလဲ။ မလေးရှားထိ ဆက်သွားဖို့ ကြိုးပမ်းကြရင်း ဒီလထဲမှာတော့ မတ် ၁ ရက်ကနေ ၁၀ ရက်နေ့ထိ စုစုပေါင်း ၆၇၇ ယောက် ဖမ်းခံရတယ်။ စာရင်းတွေအရ သိရတယ်”

ဒီကနေ့ မတ်လ ၁၀ ရက်နေ့မှာလည်း ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ထဲမှာ ဘတ်စ်ကားနဲ့ ဝင်လာတဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၃ ဦး ဖမ်းဆီးခံရတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

တာခ့်၊ ကန်ချနဘူရီ၊ ပရာကျွတ်ခရီခန်၊ ချင်းရိုင်၊ ရနောင်း၊ ချုံန်ဖုန် စတဲ့ ထိုင်းမြန်မာနယ်စပ်ခရိုင်တွေကနေ ထိုင်းနိုင်ငံအတွင်းပိုင်းဒေသတွေထိ သွားရောက်ကြဖို့ ကြိုးစားရင်း ဖမ်းဆီးခံကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တစ်လထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးထောင်ကျော်နဲ့ ဇန်နဝါရီလထဲမှာလည်း လေးထောင်ကျော် ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းအစိုးရက နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ ကင့်လှည့်လုပ်ငန်းတွေ ပိုမို အလေးထားလုပ်ဆောင်ဖို့၊ လူကုန်ကူးသူတွေ တရားမဝင် နေထိုင်သူတွေကို စစ်ဆေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားခဲ့ပါတယ်။