ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

လုဆိုင်း
2020-12-21
Share

ထိုင်းနိုင်ငံ မဟာချိုင်မြို့က ပုဇွန်ဈေး အပါအဝင် တခြားခရိုင်တချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀၀ ကျော်ရှိနေပါပြီ။ ဒီအထဲ မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀ ကျော် ပါဝင်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ လူနာသစ် ၁၂၆ ဦး ရှိပါတယ်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့က ပုဇွန်ဈေးနဲ့ ဆက်စပ်ပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာသစ် ၃၈၂ ဦး မနေ့က ထပ်တွေ့ရပါတယ်။ အဲဒီမှာ ၃၆၀ ဦးဟာ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါအခြေအနေ စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ စစ်ဆေးတဲ့အခါ မနေ့ကထိ လူ ၈၂၀ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါတယ်။ စမွတ်ဆာခွန်ခရိုင်မှာ လူနာသစ် ၁၂၆ ဦး မနေ့ထပ်တွေ့ပြီး အဲဒီထဲမှာ မြန်မာဘယ်နှဦးပါတယ်ဆိုတာ မသိရသေးဘူးလို့ မဟာချိုင်မြို့က ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) က ဦးအောင်ကျော်က ပြောပါတယ်။

“မနက်ပိုင်း ၁၀ နာရီလောက်က ထုတ်ပြန်ထားတာ။ ၁၂၆ ဦး စမွတ်ဆာခွန်မှာ ထပ်တိုးတယ်။ ဒီစမွန်ဆာခွန် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ကြေညာချက်မှာ ၈၂၀ ရှိတယ်လို့ ကြေညာထားတယ်။ မြန်မာကတော့ မနေ့ကထိ ၅၁၆ ယောက် ရှိတယ်။ ဒီနေ့ ၁၂၆ ယောက်မှာ မြန်မာ ဘယ်လောက်ပါတယ် ဆိုတာ မထုတ်ပြန်တဲ့အတွက်ကြောင့် မြန်မာလူမျိုးက တအားများတယ်ဆိုတော့ အများစုရောဂါ ကူးစက်မှုကတော့ မြန်မာပဲ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ အလုပ်သမားက မြန်မာပဲ ရှိတာကိုး”

ပုဇွန်ဈေးမှာ ပင်လယ်စားသောက်ကုန်တွေကို ပိတ်ရက်မရှိဘဲ ထိုင်းနိုင်ငံ နေရာအနှံ့ဖြန့်ဝေနေသလို မြန်မာအလုပ်သမားတွေ အများစု လုပ်ကိုင်နေတဲ့အတွက် ရောဂါ ကူးစက်ခံရတာလည်း မြန်မာလုပ်သားတွေ ဖြစ်နေတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့က ကုန်တိုက်မှာ အရောင်းစာရေးလုပ်နေတဲ့ မြန်မာလုပ်သား အမျိုးသမီးတဦးနဲ့ အခြားတယောက်မှာလည်း ကိုဗစ်ရောဂါပိုးတွေ့ရှိတယ်လို့ JACBA မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“မဲဆောက်မြို့လယ်မှာ အထင်ကရ ကုန်တိုက်ဖြစ်တဲ့ ဟုံလုံကုန်တိုက်မှာလည်း ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပိုးတွေ့လူနာ ၂ ယောက်တွေ့ပြီးနောက် အဲဒီကုန်တိုက်ကို ပိတ်ထားလိုက်ပြီ။ အဲတော့ ထိုင်းနိုင်ငံရဲ့ ပထမမြန်မာအများဆုံး မဟာချိုင်နဲ့ ဒုတိယမြန်မာအများဆုံး မဲဆောက်မှာ ထိုင်းတနိုင်ငံလုံးရဲ့ ကိုဗစ်လိုင်း ကြီးကြီးမားမား သက်ရောက်မှုရှိတယ်။ ထိုင်းတွေကတော့ ကိုဗစ်ဒုတိယလှိုင်းကို အကောင်းဆုံး ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေကြတယ်”

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်လူနာ ၅၇၆ ဦးရှိပြီး ဒီထဲ မြန်မာရွှေ့ပြောင်းလုပ်သား ၅၁၆ ဦး ပါဝင်တဲ့အတွက် မနေ့ကထိ မြန်မာလုပ်သား ၆၀၀ လောက် ကူးစက်ခံရနိုင်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်ရောဂါ ဒုတိယလှိုင်းအစမှာ တာချီလိတ်မြို့မှာ အလုပ်သွားလုပ်တဲ့ ထိုင်းနိုင်ငံသားတွေမှာ ရောဂါပိုးတွေ့ရှိတာနဲ့ အခု မဟာချိုင်မြို့မှာ ရောဂါကူးစက်မှု မြင့်တက်လာတာတွေ ဆက်စပ်နေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

“အခုလို ထိုင်းနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာတာက ဒုတိယကိုဗစ်လှိုင်းရဲ့ အစလို့ ပြောလို့ ရတဲ့ ဟိုတလောက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဘက်ကနေ မယ်ဆိုင်ဘက်ကို မြန်မာကနေ ထိုင်းနိုင်ငံကို လွှဲပြောင်းပေးတဲ့ထဲမှာ ပိုးတွေ့သူ ငါးယောက်ရယ်၊ မဲဆောက်မြို့မှာ ပါကစ္စတန်နိုင်ငံသား ကားပွဲစားတယောက် တနိုင်ငံလုံးပတ်သွားထားတဲ့ ကားပွဲစား၊ သူ့ဆီကနေ ပိုးတွေ့တာရယ်။ အဲဒါတွေနဲ့ အခု စမွတ်ဆာခွန်ခရိုင်မှာ ပိုးတွေ့တာတွေက တခုချင်းစီ မဟုတ်ဘူး။ တဆက်တစပ်တည်းရှိတယ်လို့ သုံးသပ်လို့ရတယ်”

ရောဂါကူးစက်နှုန်း မြင့်တက်လာလို့ လုံခြုံရေးတိုးမြှင့်ထားပြီး ဘယ်ကနေ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်လာတယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေက မပြောကြားသေးပါဘူး။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရောဂါကူးစက်ခံရမှုများလာတာနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

ဒါပေမဲ့ စမွတ်ဆာခွန်ခရိုင်က ရွှေ့ပြောင်းအလုပ်သမားတွေအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်တာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာသံရုံး အနီးကပ်ပူးပေါင်း ဆောင်ရွက်နေတယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပုဇွန်ဈေးက အသက် ၆၇ နှစ်အရွယ် အလုပ်ရှင် ထိုင်းအမျိုးသမီးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရောဂါပိုး တွေ့ရှိပြီးနောက် ပိုးကူးစက်တာရှိ-မရှိ ဆက်တိုက် စစ်ဆေးရာက ရောဂါပိုး ကူးစက်ခံရသူတွေ တိုးလာတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဈေးတွေမှာ ဈေးဝယ်၊ ဈေးရောင်းသူတွေကို ကိုဗစ်ရောဂါ လက္ခဏာတွေ ရှိနေတယ်ဆိုရင် အမြန်ဆုံး ဆေးစစ်ဖို့နဲ့ အခမဲ့စစ်ဆေးပေးနေပါတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါအခြေအနေ စောင့်ကြည့်ရေးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ထိုင်းနိုင်ငံမှာ အတည်ပြုလူနာ ငါးထောင်ကျော်၊ ဆေးကုသမှုခံယူနေသူ ၁၁၇၆ ဦးရှိပြီး သေဆုံးသူ ၆၀ ဦးရှိပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု မပြန့်ပွားအောင် ထိုင်းနိုင်ငံက စမွတ်ဆာခွန်ခရိုင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ အားလုံး ခရီးအသွားအလာနဲ့ အရွှေ့အပြောင်း မလုပ်ကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက သတိပေးထားပါတယ်။

စမွတ်ဆာခွန်ခရိုင်နဲ့ ဘန်ကောက်မြို့ အဝင်အထွက် လမ်းကြောင်းတွေကိုလည်း စစ်ဆေးနေပြီး နှာခေါင်းစည်းမတပ်ရင် ဘတ် နှစ်သောင်းထိ ဒဏ်ငွေပေးဆောင်ဖို့ သတိပေးထားပါတယ်။

မဟာချိုင်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေထဲ ကျန်းမာရေးအတွက် လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ထားသူ နည်းပါးတယ်လို့ သိရပါတယ်။ ၂၀၂၀ အောက်တိုဘာလ စာရင်းအရ တရားဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမားစုစုပေါင်း ၂ သိန်း ၃သောင်း ကျော်ရှိပြီး အဲ့ဒီအထဲမှာ လူမှုဖူလုံရေး ရန်ပုံငွေ ထည့်ဝင်ထားတဲ့ မြန်မာနိုင်ငံသား တသိန်းလေးသောင်းကျော် ပါဝင်ပြီး လာအိုနိုင်ငံသား ၄၈၀၀ နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၃၇၀၀ ပါဝင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့