ထိုင်းကို ခိုးဝင်တဲ့ မြန်မာနိုင်ငံသား တလအတွင်း လေးရာကျော် ဖမ်းဆီးခံရ

လုဆိုင်း(ထိုင်းနိုင်ငံ)
2021-05-12
Share
ထိုင်းကို ခိုးဝင်တဲ့ မြန်မာနိုင်ငံသား တလအတွင်း လေးရာကျော် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ တာခ့်ခရိုင် တာ့ဆောင်ယမ်မှာ မေလ ၁၂ ရက်နေ့က နယ်စပ်ဖြတ်ကျော် ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ်။
AFP PHOTO / ROYAL THAI ARMY

ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ်ကနေ မေလ ၁၁နဲ့ ၁၂ရက်တွေက တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃၅ဦး ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

မေလ ၁၂ ရက်က တောင်ဖာဖမ်ခရိုင်မှာ ၄၅ ဦး၊ တာခ့်ခရိုင် တာ့ဆောင်ယမ်မြို့ နယ်မှာ ၁၃ ဦး၊ မေလ ၁၁ ရက်နေ့က ကန်ချနဘူရီခရိုင်မှာ ၄၉ ဦး၊ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ၆ ဦး၊ လန်ဖူးခရိုင်မှာ ၂၂ ဦး၊ စုစုပေါင်း ၁၃၅ ဦး အဖမ်းခံခဲ့ရပါတယ်။ ဧပြီလ နောက်ဆုံးပတ်ကနေ မေလ ၁၂ရက်နေ့အထိ မြန်မာနိုင်ငံသား ၄၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေကို ကူညီနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း အဖမ်းခံရသူတွေထဲမှာ ဒီမိုကရက်တစ်မြန်မာ့အသံ DVB က သတင်းသမားအချို့လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ရောက်လာလို့ အဖမ်းခံထားရသူ ၁၂၀၀ လောက်ရှိနေပြီလို့ ဦးမိုးကြိုးက ဆိုပါတယ်။

အဖမ်းခံရသူအများစုဟာကရင်ပြည်နယ်နယ်စပ် တာ့ခ်ခရိုင်၊ တနင်္သာရီတိုင်း ကော့သောင်း၊ ပကျွတ်ခရီကန်၊ မွန်ပြည်နယ်နယ်စပ် ကန်ချနဘူရီခရိုင်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် တဖက်ကမ်းက မယ်ဆိုင် စတဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသတွေကနေ တရားမဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို အလုပ်လာလုပ်ဖို့ ပွဲစားခပေးပြီး ခိုးဝင်လာသူတွေဖြစ်ပြီး အများစုက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖူးသူတွေ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတော့ အလုပ်အကိုင်ရှားလာလို့ အခုလို ထိုင်းနိုင်ငံဘက်ကို ခိုးဝင်လာသူတွေ များလာတာလို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ထဲမှာလည်း ထိုင်း-မြန်မာနယ်စပ်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံပိုင်နက်ရဲ့ အပြင်ဘက် ၁၀ ကီလိုမီတာအကွာမှာ ဖမ်းဆီးခံရရင် ကိုဗစ်ပိုးစစ်ဆေးပြီး နေရပ်ကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့ပါတယ်။

ထိုင်းနိုင်ငံပိုင်နက်ရဲ့ ၁၀ ကီလိုမီတာအတွင်းဘက် ရောက်လာသူတွေကိုတော့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်အရေးပေါ်ကာလ ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ကိုဗစ်အရေးပေါ် ကာလစီမံချက် အက်ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့