ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကရင်ချောင်ရွာမှာ မေလ ၂၃ ရက် ဒီနေ့မနက်က စစ်ကောင်စီ တပ်စစ်ကြောင်းကို ကေအိုင်အေအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးထိခိုက်သူတွေဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ကရင်ချောင်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“သေသွားတဲ့ကလေးက အသက်က ၁၅ နှစ်လောက်ပဲရှိသေးတယ်။ ဟင်းတင့်ဘက် ကနေ ရေမဆေးရှာပြီးပြန်လာတာတဲ့။ အဲဒါကို စစ်သားတွေက ပစ်လိုက်လို့ ဆီးခုံမှန်ပြီး သေသွားတာ။ ကျောက်ဝယ်လာတဲ့ တရုတ်တစ်ယောက်ကလည်း ထိတယ်။ သူလည်း ဒဏ်ရာပြင်းတယ်။ ဘုရွားကျောင်းဘက်မှာလည်း သူငယ်ချင်းတွေ အစာရှောင် ဆုတောင်းနေကြတယ်။ အဲဘက်လည်း လက်နက်ကြီးတွေကျတယ်။ အခုကတော့ စစ်သားတွေ မရှိတော့ဘူး၊ အကုန်ပြန်ထွက်သွားကြပြီ”
ဘုရားကျောင်းဝန်းထဲမှာရှိနေတဲ့ ကလေးတစ်ယောက်လည်း လက်နက်ကြီးအစ ထိမှန် ခဲ့ပေမယ့် ဒဏ်ရာမပြင်းထန်ဘူးလို့လည်း ပြောပါတယ်။
ဒီနေ့မနက်က တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ စစ်ကိုင်းတိုင်းဘက်ကနေ တက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးသွားတယ်လို့ ကေအိုင်အေ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့လက်ချက်နဲ့ အရပ်သားတွေ သေဆုံးမှု ရှိတယ် ဆိုတာ မဟုတ်မမှန် စွပ်စွဲချက်တွေသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထား ပါတယ်။
ဖားကန့်မြို့နယ် ယူမာရွာဘက်မှာလည်း ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။