မြန်မာမှာ ကလေး ခြောက်သန်းခွဲခန့် အကူအညီလိုနေကြောင်း UNICEF ပြော
2025.02.06

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ပြည်သူ သန်းနှစ်ဆယ်ခန့် (၁၉.၉ သန်း) လူသားချင်းစာနာမှု အကူအညီတွေ အလွန်အမင်း လိုအပ်နေပြီး အဲဒီသန်းနှစ်ဆယ်ထဲမှာ ကလေးငယ် ခြောက်သန်းခွဲခန့် (၆.၄ သန်း) ပါဝင်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အကူအညီလိုနေတဲ့ ကလေးငယ် ခြောက်သန်းခွဲဟာ မြန်မာကလေးငယ် အရေအတွက်ရဲ့ သုံးတစ်ပုံတစ်ခန့် ဖြစ်တယ်လို့ UNICEF က ပြောပါတယ်။
ဒီလို လိုအပ်ချက် ကြီးကြီးမားမားရှိနေတာက ကလေးသူငယ်တွေနဲ့ အရပ်သားတွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို မီးမောင်းထိုးပြနေတာဖြစ်ပြီး မျိုးဆက်တစ်ခုလုံး နောက်ကျကျန်နေခဲ့မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။
ပဋိပက္ခ၊ မလုံခြုံမှု၊ နေရပ်စွန့်ခွာရတာနဲ့ အရေးပေါ်ဝန်ဆောင်မှုတွေ ပြတ်တောက်တာကြောင့်လည်း မြန်မာကလေးငယ် ငါးသန်းနီးပါး ပညာသင်ကြားခွင့် ဆုံးရှုံးနေတယ်လို့ ဖော်ပြပါတယ်။
ကလေးငယ် တစ်သန်းကျော်ဟာလည်း ရောဂါတွေကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံတိုက်ကျွေးနိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်မှာကာကွယ်ဆေး လုံး၀မရရှိသေးတဲ့ကလေး အများဆုံးရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။
ကလေး ငါးသိန်းကျော် ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရပြီး အရေးပေါ် ထောက်ပံ့မှု မရတာကြောင့်လည်း ကလေးငယ်အများအပြား အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လုံလောက်တဲ့ ရန်ပုံငွေတွေနဲ့ အခက်အခဲမရှိ၊ အချိန်မီ ထောက်ပံ့နိုင်ဖို့ လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။
ဒီလို အကူအညီတွေကို ချက်ချင်းဆောင်ရွက်တာနဲ့ စဉ်ဆက်မပြတ် ကြိုပမ်းအားထုတ်တာတွေမရှိရင် နောက်ဆက်တွဲ အကျိုးဆက်တွေဟာ အခုကြုံနေရတဲ့ ကလေးငယ်တွေသာမက လာမဲ့မျိုးဆက်တွေအထိ ဆိုးရွားရွား သက်ရောက်နိုင်တယ်လို့ UNICEF က သတိပေးထားပါတယ်။
ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာကို ကူညီရေး ဦးစားပေးဆောင်ရွက်ဖို့ UNICEF က တိုက်တွန်းထားပါတယ်။