မလေးရှား က မြန်မာ ၁ဝဝ ကျော် ပြန်ရောက်ပြီ


2016.07.20
malaysia-myanmar-return-620.jpg မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ တစ်ရာကျော်ကို ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်
Photo: Htet Arkar/RFA

မလေးရှားနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာနိုင်ငံသား တစ်ရာကျော်ဟာ မလေးရှားရောက် မြန်မာနိုင်ငံ သားတွေရဲ့ စုပေါင်းအကူအညီနဲ့ ဒီနေ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။

ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသား တစ်ရာကျော်ထဲက ၆၀ ကျော်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နဲ့ နေရပ်ပြန်ရောက်အောင် လေယာဉ်လက်မှတ်ခ စီစဉ်ပေးခဲ့တာဖြစ် တယ်လို့ အာသောက ကျန်းမာရေးဖောင်ဒေးရှင်းက ဆရာတော် ဦးကေသရ က မိန့်ပါတယ်။

"ဇွန်လ ၁၉ ရက်နေ့မှာ အမေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ၇၁ နှစ်ပြည့်တာပေါ့နော်၊ ဦးဇင်းတို့ ဖောင်ဒေးရှင်း က အမေ့ရဲ့မွေးနေ့ ၇၁ နှစ်မြောက် အထိမ်းအမှတ်ဆိုပြီး မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ် သမားတွေကို ထောင်တွေထဲကနေ ပြန်ပြီးတော့ထုတ်ကြမယ် တစ်ယောက်ကို ရင်းဂစ် ၄၅ဝ နှုန်းနဲ့ ပြန်ထုတ် လို့ရအောင်ဆိုပြီး ဦးဇင်းတို့ social media ကနေတဆင့် အချင်းချင်းကြော်ငြာပြီးတော့ အလုပ်ရှင်တွေ မြန်မာ အလုပ်သမားတွေလှူတဲ့ အလှူငွေနဲ့ ဦးဇင်းတို့ ဒီနေ့ထုတ်နိုင်ခဲ့ပါပြီ၊ အားလုံး ၁၁၉ ဦး ဦးဇင်းတို့ ဖောင်ဒေးရှင်း တာဝန်ယူတာက ၆၈ ဦးပေါ့"

အဲ့ဒီအလုပ်သမားအများစုဟာ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ်မရှိတာကြောင့် အဖမ်းခံရသူတွေ ဖြစ်ပြီး ထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာနိုင်ငံ ကို ပြန်စရာလမ်းစရိတ်မရှိတဲ့အတွက် အခက်အခဲ ဖြစ်နေသူတွေဖြစ်ပါတယ်။

သူတို့ ပြန်နိုင်ဖို့အတွက် အာသောက ကျန်းမာရေးဖောင်ဒေးရှင်း၊ ကပုန်း ၇ ရက်သားသမီး နာရေးကူညီရေးအသင်း၊ နိစ္စဒါန ပရဟိတအသင်း၊ ပန်းအလင်္ကာ ပရဟိတနဲ့ လူမှုကူညီရေးအဖွဲ့၊ စကီချန်းမြို့ ရွှေမြန်မာလူမှုကူညီရေးအသင်း၊ မာလကာမြို့ လူမှုကူညီရေးအသင်းတွေနဲ့ အလှူရှင်တွေ က ဝိုင်းဝန်းကူညီပေးခဲ့ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ်လက်မှတ်ခ မလေးရှားငွေ ရင်းဂစ် ၄၅၀ (မြန်မာငွေ ကျပ် တစ်သိန်းခွဲ) လောက် ကျသင့်ပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ မြန်မာအလုပ်သမား ၃ ထောင်လောက် ကျန်ရှိနေပြီး မြန်မာနိုင်ငံ ကို ပြန်ဖို့ အခက်အခဲရှိနေတဲ့ အလုပ်သမား ၁၀၀ ကျော်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။