စစ်တွေမှာ AA ကို အခွန်ဆောင်တယ်ဆိုပြီး ရိုဟင်ဂျာ ငါးဦး အဖမ်းခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ကို အခွန်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မွတ်စလင်လုပ်ငန်းရှင် ငါးဦးကို မေလ ၃ ရက်နဲ့ ၄ ရက်နေ့တွေက စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်တွေမြို့နယ် ဘုမေရွာက နာဂါး (ခေါ်) ဦးမောင်ဘ၊ ဒါးပိုင်ကျေးရွာက ဆော်လီ၊ ဘောဒူဖ ကျေးရွာက နုရ်ဟူဆိန်၊ သက္ကေပြင်ကျေးရွာက ဦးလှမြင့်နဲ့ ဦးကျော်နုတို့ ငါးဦးဟာ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ညမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ဘောဒူဖကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလှ (ခေါ်) ရော်ဖိလ်ကတော့ မနေ့ညက ဖမ်းဆီးခံလိုက်ရတာပါ။

စစ်တွေမြို့ အမှတ် (၃၅၄) တပ်ရင်းက စစ်သား ၂၀ လောက်က ယူနီဖောင်း၊ သေနတ် အပြည့်အစုံနဲ့ အိမ်စီးကား တွေနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြော ပါတယ်။

“ည ၈ နာရီလောက်မှာ စစ်သားတွေရောက်လာတယ်။ ဒီလူ၊ ဒီလူတွေနဲ့ တွေ့ချင်တယ် ဆိုပြီးခေါ်တယ်။ ရိုးရိုးသားသားခေါ်တာထင်ပြီး လိုက်သွားကြတာ။ ပြီးတော့မှ AA ကို အခွန်ဆောင်တယ်ဆိုပြီး သံသယနဲ့ ဖမ်းတာ လို့ သိရတယ်။ အခုအချိန်အထိ သူတို့နဲ့ အဆက်အသွယ်မရဘူး။ ကျနော်တို့က ရိုးရိုးသားသားလုပ်ကိုင်စား သောက်နေကြ တာပါ”

ဖမ်းဆီးခံလိုက်ရတဲ့ မွတ်စလင်တွေဟာ ဆောက်လုပ်ရေးလုပ်ငန်း၊ သားသတ်လုပ်ငန်း၊ ကုန်သည်လုပ်ငန်း၊ ငါးလုပ်ငန်း၊ ကုန်စုံဆိုင် စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်း ရှင်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မွတ်စလင်ကျေးရွာတွေကို ညအချိန်တွေမှာ ဝင်ရောက်ရှာဖွေ နေကြတာကြောင့် အခုလက်ရှိမှာ လုပ်ငန်းရှင်တစ်ရာခန့် ထွက်ပြေးနေကြရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာယကံရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“အခုသူတို့ ကျနော်တို့ကိုလိုက်ပြီး ရှာနေတယ်။ သူတို့က ညအချိန်မှာပဲ ဝင်ရှာကြတာ။ အခု ကျနော်လည်း ထွက်ပြေးနေရတယ်။ ကျနော့်လိုပဲ တခြား လုပ်ငန်းရှင်တစ်ရာ ကျော်လောက်ကလည်း ထွက်ပြေးနေကြရတယ်။ ကျနော်တို့က ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံရဲ့ ဥပဒေအတိုင်း နေထိုင်တာပါ။ AA နဲ့ ဆက်စပ်တာလည်းမရှိဘူး။ အဲဒါကို အခုလိုလိုက်ပြီး ဖမ်းနေတာက မတရားပါဘူး”

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခြားပြစ်မှုတွေနဲ့ဆက်စပ်ပြီး ခေါ်ယူစစ်ဆေးတာဖြစ်တယ်လို့ ပြောပါတယ်။

“ဖမ်းဆီးတယ်ဆိုတာလည်း သူတို့အနေနဲ့ စစ်ဆေးဖို့အတွက် ဆောင်ရွက်နေတဲ့သူတွေ ရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ရယ်လို့ မဟုတ်ပါဘူးဗျာ။ ဒီဟာတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ဒီ့ပြင်ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် ခေါ်ယူစစ်ဆေးနေတာရှိပါတယ်”

ရက္ခိုင့်တပ်တော် (AA) ကိုလည်း RFA က မေးမြန်းနေဆဲ ဖြစ်ပါတယ်။