ခင်ဦးမြို့နယ် တမုတ်ရွာမှာ အိမ် ၉၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တမုတ်ရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မတ်လ ၁၅ ရက် မနေ့က ရွာထဲ ရောက်လာပြီးတဲ့နောက် နေအိမ် ၉၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ရွာထဲက စစ်ကောင်စီသတင်းပေးသူတွေရဲ့ နေအိမ် ငါးလုံးသာ မီးမလောင်ဘဲ ကျန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"မီးမရှို့ခင်မှာ ရွာထဲက ဆီပုံးတွေ၊ ဆိုင်ကယ်တွေ၊ စက်ပစ္စည်းတွေကို ၁၂ ဘီး ကားကြီးနဲ့ သယ်သွားကြတယ်။ အဲဒါပြီးတော့ မီးရှို့ခံရတာပဲ၊ တစ်ရွာလုံးကတော့ သူတို့လာပြီဆိုကတည်းက ထွက်ပြေးကြတယ်။ မီးရှို့ပြီး ညပိုင်းမှာ ခင်ဦးကို ပြန်သွားကြတယ်"

ခင်ဦးမြို့နယ် ဗျူဟာလမ်းပေါ်ကနေ အဲဒီရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ချိန်ကတည်းက တစ်ရွာလုံး ထွက်ပြေးကြရတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်တွေ၊ ရေတင်စက်တွေနဲ့ နွားတွေလည်း မီးလောင်တဲ့အထဲ ပါသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

တမုတ်ရွာမှာ အိမ်ခြေစုစုပေါင်း တစ်ရာဝန်းကျင်လောက်ရှိပြီး လတ်တလောမှာတော့ ရွာသား ၃၀၀ ဝန်းကျင်လောက်ဟာ နီးစပ်ရာရွာတွေကို တိမ်းရှောင်နေကြရပြီး အများစုက ရွာထဲပြန်မဝင်ရဲကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

တမုတ်ရွာ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းဆီက တုံ့ပြန်ချက်ရဖို့ ကြိုးစားနေပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်ထောက်ခံတဲ့သူတွေနဲ့ ပြည်သူ့စစ်တွေ တန်ပြန်ဖွဲ့စည်းထားတယ်ဆိုတာကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကလည်း သိမ်တော်ရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လမ်းကြောင်းကို ဒေသခံ PDF တွေက မိုင်းခွဲတိုက်ခိုက်ရာကနေ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့လို့ PDF ဘက်က ၁၁ ယောက်၊ စစ်ကောင်စီဘက်က တစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ အခုနှစ် မတ် ၇ ရက်အထိ တစ်ပြည်လုံးမှာ စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၇၁၉ လုံး ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar အဖွဲ့က မတ်လ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။