စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပန်တောရွာကို မတ်လ ၈ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က အင်အား ၂၀၀ လောက်နဲ့ ရုတ်တရက် ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ မြင်မြင်သမျှကို အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးရွယ်အို ငါးဦး၊ မိခင်တစ်ဦးနဲ့ သူ့ရဲ့ ကလေးနှစ်ဦး စုစုပေါင်း လူ ရှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်တပ်က အဆက်မပြတ်ဝင်ရောက်စီးနင်းနေတာကြောင့် လက်ပန်တောရွာနဲ့ ကံသာရွာက သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ရွာနှစ်ရွာအစပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံနေစဥ် အဲဒီဘုန်းကြီးကျောင်းကို လက်နက်ကြီးထိမှန်ပြီး အခုလို တစ်ရက်တည်း တစ်ချိန်တည်း လူ ရှစ်ဦး သေဆုံးခဲ့တာလို့ လက်ပံတောရွာသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က ရွာထဲကို ထင်မထားတဲ့ လမ်းကနေဝင်တာ၊ ရွာကြိုရွာကြားလိုမျိုး။ ကျွန်မတို့ ရွာပတ်ပတ်လည်မှာ ကွမ်းခြံတွေရှိတယ်။ ကွမ်းခြံတွေ ကြားထဲကနေဝင်ပြီးတော့ ရွာထဲကို လက်နက်ကြီးနဲ့ စထုပြီးဝင်တယ်။ ထွက်ပြေးနိုင်တဲ့ သူတွေကတော့ ရွာထဲကနေ ထွက်ပြေး လိုက်နိုင်တယ်။ ဘုန်ကြီးကျောင်းထဲက လူတွေကတော့ ထွက်မပြေးလိုက်နိုင်ဘူး။ ဘုန်ကြီး ကျောင်းထဲမှာက သက်ကြီးရွယ်အိုတွေ များတယ်။ လက်နက်ကြီးက ဘုန်းကြီးကျောင်းထဲကို ကျတော့ ထိတဲ့သူတွေက ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေကြတဲ့ ပြည်သူတွေ။ အသက် ၉၃ နှစ်အရွယ် အဘွားကြီးတစ်ယောက် ပါတယ်။ အသက် ၃၀ ကျော်အရွယ် ကလေးအမေ ပါတယ်။ အဲဒီကလေးအမေရဲ့ သားနှစ်ယောက်ပါမယ်။ ကျန်တာတွေကတော့ ၇၀ ကျော် အရွယ် အဘိုးတွေ၊ အဘွားတွေပေါ့”
လက်ပန်တောရွာက အသက် ၃၀ အရွယ် ဒေါ်မို့မို့ဝင်း၊ ခုနစ်နှစ်နဲ့ ကိုးနှစ်အရွယ် သူ့ရဲ့ သားငယ် နှစ်ဦး၊ အသက် ၇၀ ကျော်အရွယ် သူ့ရဲ့ မိခင် ဒေါ်သိန်းလှ မိသားစုတစ်စုတည်းကနေ စုစုပေါင်း လူ လေးဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လက်ပန်တောရွာက အသက် ၉၃ နှစ်အရွယ် ဒေါ်တင်ညွန့်၊ အသက် ၇၀ ကျော်အရွယ် ဦးသန်းမောင်၊ ကံသာရွာက အသက်၇၀ ကျော်အရွယ် ဦးသိန်းမောင်နဲ့ အသက် ၇၀ ကျော်အရွယ် ဦးအုန်းလှိုင် တို့လည်း ဒီကနေ့ တစ်ရက်တည်း တစ်ချိန်တည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
နောက်ထပ် သက်ကြီးရွယ်အို ငါးယောက်လောက်လည်း လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာတွေ ရထားလို့ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ လက်ပန်တောရွာသားတွေက ပြောပါတယ်။
လက်ရှိမှာ လက်ပန်တောရွာက ဘုန်းကြီးကျောင်း၊ ဘုရားကုန်းနေရာ၊ ကွမ်းခြံတွေနဲ့ တချို့နေရာ တွေမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေ ချထားပြီး ရွာချင်းတစ်ဆက်တည်းရှိနေတဲ့ ကံသာရွာကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကံသာရွာ အနောက်ဘက်က ရှမ်းရွာ၊ သီးကုန်းရွာတွေဘက်ကို စစ်တပ်က လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေပြီး ယင်းမာပင်နဲ့ ကနီနယ်တစ်ဝိုက်က ရွာတွေကို ထပ်မံဝင်ရောက်စီးနင်းဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ကတော့ ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က လက်ပန်တောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် သူတို့အဖွဲ့နဲ့ စစ်တပ်အကြား လက်ပံတောရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“ဒီနေ့ ရန်သူ့စစ်ကြောင်းက ယင်းမာပင်မြို့နယ် ကံသာ လက်ပန်တောဘက်ကို စစ်ကြောင်း ထိုးတယ်။ ထိုးတဲ့အခါမှာ ကျွန်တော်တို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် အခြားသော ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲငယ်ဖြစ်ခဲ့တာ ရှိပါတယ်။ လက်ရှိ အနေထားမှာတော့ ရန်သူ့စစ်ကြောင်းက ကံသာ၊ လက်ပံတော အနီးတစ်ဝိုက်မှာ တပ်စွဲထားတဲ့ အခြေအနေရှိပါတယ်”
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကံသာ၊ လက်ပန်တော၊ ရှမ်းရွာ၊ သီးကုန်း၊ အုန်းတော၊ ရွှေညောင်ပင်နဲ့ ပြန်လက် ရွာတွေက ဒေသခံ တစ်သောင်းလောက်ဟာ နေ့တွင်းချင်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ လက်ပန်တောရွာကို ဝင်ရောက်စီးနင်းစဉ်ကလည်း စည်လှောင်၊ အောင်ချမ်းအေး၊ အောင်ချမ်းသာ ရွာတွေကနေ လက်ပံတောရွာအနီးမှာ စစ်ဘေးရှောင်နေ ကြသူတွေရဲ့ ယာယီတဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်ထဲမှာ အခု လက်ပန်တောရွာနဲ့ ကံသာရွာအပြင် ချင်းပုန်း၊ သပြေအေးနဲ့ မိုးကောင်းရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၆ ကစလို့ လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး အင်အားသုံး ချေမှုန်းခဲ့တာကြောင့် ဒီကနေ့ မတ်လ ၈ ရက်အထိ ၁၀ ရက်တာ ကာလအတွင်း အရပ်သား ၂၁ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ဒီကနေ့ လက်ပန်တောနဲ့ ကံသာရွာက ရှစ်ဦး၊ ချင်းပုန်းရွာက ကိုးဦး၊ သပြေအေးရွာက နှစ်ဦးနဲ့ မိုးကောင်းရွာက နှစ်ဦး စုစုပေါင်း ၂၁ ဦး ဖြစ်ပါတယ်။
"လက်နက်ကြီးက ဘုန်းကြီးကျောင်းထဲကိုကျတော့ ထိတဲ့သူတွေက ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေကြတဲ့ ပြည်သူတွေ"
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ယင်းမာပင်မြို့နယ် ချင်းပုန်းရွာကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရုံမက ရဟတ်ယာဉ်နဲ့ လိုက်ပါလာတဲ့ စစ်သားတွေကို ရွာထဲချပေးပြီး တစ်ရွာလုံးကို နှစ်ရက်ကြာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပြီးတဲ့နောက် ရွာထဲမှာ အသတ်ခံထားရတဲ့ အရပ်သားတွေရဲ့ ရုပ်အလောင်း ကိုးလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ရုပ်အလောင်းတွေကို ကိုယ်တိုင် သင်္ဂြိုဟ်ပေးခဲ့သူ ချင်းပုန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီ ၂၈ ရက်နေ့ကပဲ တန်းသင်္ဂြိုဟ်ကြတာ။ အမျိုးသားက ရှစ်ယောက်၊ အမျိုးသမီးက တစ်ယောက်တည်း။ ရွာထဲကိုတော့ ရွာသားတွေ ပြန်မလာရဲဘူး။ ကြောက်ပြီးတော့ အကုန်ထွက်ပြေးတယ်။ နောက်တစ်ချီ ပြန်ဝင်မှာလည်း ကြားတယ်။ အခက်အခဲကတော့ အကုန်အစုံပဲ။ ရွာနားပြန်မကပ်ရဲတာက တစ်ကြောင်း၊ တောတွေထဲ ပုန်းနေရတာက တစ်ကြောင်း၊ နေကပူတာက တစ်ကြောင်း နောက်ထပ်လည်း ထိုးစစ်တွေက ဆင်နေပြန်ပြီ။ သပြေအေးရွာလည်း ပြာကျသွားပြန်ပြီ။ အခုက တစ်နယ်လုံးထွက်ပြေးနေရပြီ”
သေဆုံးသူတွေဟာ မကြည်ကြည်ဝင်း ၁၉ နှစ်၊ ဦးအောင်မောင်း ၆၀ နှစ်၊ ဦးကြီးညို ၅၇ နှစ်၊ ကိုမျိုးညွန့် ၃၈ နှစ်၊ ကိုကျော်နိုင်ထွန်း ၂၇ နှစ်၊ ဦးငြိမ်းဝင်းကို ၄၂ နှစ်၊ ကိုဇော်ဌေးအောင် ၄၀၊ ကိုဖိုးဆယ် ၂၂ နှစ်နဲ့ အမည်မသိရသေးတဲ့ ၃၇ နှစ်အရွယ် အမျိုးသားတစ်ယောက်တို့ ဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ချင်းပုန်းရွာမှာ PDF တွေ သင်တန်းပေးနေတာကြောင့် စစ်တပ်က လုံခြုံရေးဆောင်ရွက်ရတာလို့ RFA ကို ပြောပါတယ်။
“အဲဒီမှာ သူတို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ သင်တန်း လုပ်တာရှိတယ်။ အဲဒီမှာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက ဝင်ရောက်ပြီး လုံခြုံရေးအရ ဆောင်ရွက်တာရှိတယ်။ ဝင်ရောက် တိုက်ပွဲဖြစ်တာမှာတော့ ထိခိုက်ကျဆုံးမှု တွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော်တို့ဆီကလည်း တချို့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိတယ်။ အဲဒါတွေတော့ ရှိကောင်း ရှိနိုင်တာပေါ့”
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ချင်းပုန်းရွာက ပြန်ထွက်သွားပြီးတဲ့နောက် အဲဒီကနေ ခြောက်မိုင် လောက်သာဝေးတဲ့ သပြေအေးရွာကိုလည်း စစ်တပ်က လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက် ညှပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

သပြေအေးရွာကို လေကြောင်းက ပစ်ခတ်ချိန် ကြောက်လန့်တကြား ထွက်ပြေးတဲ့ အသက် ၄၀ ကျော်အရွယ် ဦးအောင်မင်းဟာ ကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး အသက် ၇၀ အရွယ် အဘွားအို တစ်ယောက်ကတေ့ာ ရွာကို မီးရှို့ချိန် ထွက်မပြေးနိုင်ဘဲ သေဆုံးခဲ့တယ်လို့ သပြေအေး ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“သက်ကြီးပိုင်းထဲကလည်း တစ်ယောက်သေတယ်။ နောက်ပြီးတော့ ယောကျ်ားလေး တစ်ယောက်ပေါ့။ သူကတော့ ခေါင်းတည့်တည့်မှန်တာဗျ။ တစ်ခါတည်းသေသွားတယ်။ ကျွန်တော်တို့ဘက်မှာ လျှပ်တစ်ပြက် တိမ်းရှောင်နေရတာဆိုတော့ အဝတ်အစားကလည်း ပါမလာဘူး။ နောက်ပြီးတော့ တောထဲမှာနေရတာဆိုတော့ အအေးပတ်တာ၊ နောက်ပြီးတော့ မသန့်ရှင်းတဲ့ ရေတွေသောက်ပြီးတော့ ဝမ်းပျက်၊ ဝမ်းလျှောတွေ ဖြစ်တာပေါ့။ ရွာမှာရှိတဲ့ ဆေးဝါးဆိုလည်း သူတို့ ဖျက်ဆီးခဲ့တာပေါ့။ အခု ကူးစက်ရောဂါတွေ ပျံ့နှံ့နေတဲ့အချိန်မှာ စားရေး၊ သောက်ရေး ခက်ခဲတယ်။ ဆေးဝါးခက်ခဲတဲ့ အခြေအနေတွေကြောင့် ဒုက္ခအကြီး အကျယ်တော့ ရောက်နေတယ်”
အဲဒီနောက် မတ်လ ၂ ရက်နေ့မှာ စစ်တပ်က သပြေအေးရွာနဲ့ နှစ်မိုင်လောက်ပဲဝေးတဲ့ ကနီ မြို့နယ်ထဲက မိုးကောင်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကောင်းရွာ ဘုန်းကြီးကျောင်းမှာ တစ်ည စခန်းချပြီး မတ်လ ၃ ရက်နေ့မှာ စစ်သားတွေ ရွာက ပြန်ထွက်သွားချိန် ရွာသားတချို့ မိုးကောင်းရွာထဲ ပြန်ဝင်ကြည့်ချိန်မှာတော့ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခံထားရတဲ့ ရုပ်အလောင်း နှစ်လောင်းကို တွေ့ရတယ်လို့ ပြောပါတယ်။ ရုပ်လုံးမပေါ်အောင် ပျက်စီးနေတာကြောင့် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ PDF တပ်ဖွဲ့တွေ လှုပ်ရှား နေတယ်လို့ သတင်းရတာကြောင့် လုံခြုံရေးဆောင်ရွက်ရာမှာ သပြေအေးနဲ့ ချင်းပုန်းရွာ နှစ်ရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက် အများအပြား သိမ်းဆည်းရမိကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ သတင်းထုတ်ပြန်ထားပါတယ်။