မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ မေလ ၁၀ ရက် မနေ့ကစပြီး ဒီနေ့ မေလ ၁၁ ရက် အထိ နှစ်ရက်တာအတွင်း ရွာပေါင်း ရှစ်ရွာက နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ရေလယ် ကျွန်းဒေသခံတွေက ပြောပါတယ်။
မေလ ၁၀ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မဲကုန်းရွာအနီး တိုက်ပွဲဖြစ်ပြီး မြေတော်ရွာမှာလည်း မိုင်းဆွဲခံလိုက်ရလို့ စစ်ကောင်စီတပ်တွေဟာ အနီးနား ရွာတွေကို မီးတွေရှို့နေကြတာလို့ ရေလယ်ကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အခုလည်း ရွာ သုံးရွာကို မီးရှို့နေဆဲမို့လို့။ လောလောဆယ်အထိ ရွာ ရှစ်ရွာက နေအိမ်တွေ မီးရှို့ခံထားရပါတယ်။ ရေလယ်ကျွန်းကို ၉ ရက်နေ့က စပြီး စစ်ကြောင်း ဝင်လာတာပါ။ ၁၀ ရက်နေ့ မနေ့ကမှ စပြီး မီးရှို့နေကြတာပါ"
မနေ့က ရွှေလှံ၊ မိဖုရား၊ မဲကုန်း၊ ဘိုကုန်း၊ ကြွယ်ကုန်း၊ စတဲ့ ရွာတွေ မီးရှို့ခံရပြီး ဒီနေ့မနက်က ဆည်သည့် မြင်ရွာ၊ မြေစွန်းရွာနဲ့ နေ့လယ်ပိုင်းမှာ ငတမျှော်ရွာကိုလည်း မီးရှို့နေကြတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက် စစ်ကြောင်းထိုးနေပြီး ဒေသခံတွေ သေဆုံးတာ၊ အဖမ်းခံရတာနဲ့ အိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့ အခြေအနေ အသေး စိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးကာ ဝင်ရောက်မီးရှို့ခဲ့တဲ့ ရွာ ရှစ်ရွာနဲ့ အနီးအနားရွာ အများစုက ဒေသခံ တစ်ထောင်ကျော်တို့လည်း ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ ပြောပါတယ်။
အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ရေလယ်ကျွန်းဒေသမှာ ရွာပေါင်း လေးဆယ်လောက်ရှိပြီး ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်ကလည်း စစ်ကောင်စီ တပ်တွေက တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးကာ အိမ်တွေ မီးရှို့ခဲ့လို့ အိမ်အလုံး ၂ဝ မီးရှို့ခံလိုက်ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။