ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မကျင့်ပြီး သတ်ဖြတ်ခံရ

လုဆိုင်း (ထိုင်းနိုင်ငံ)
2021.11.25
ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မကျင့်ပြီး သတ်ဖြတ်ခံရ သေဆုံးသူ အသက် ၂၁ နှစ်အရွယ် မမြင့်မြင့်ခိုင်။
Photo: CJ

ထိုင်းနိုင်ငံမှာ ငါးရက်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် အလောင်းကို ပြန်တွေ့ခဲ့တဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ပစ်လိုက်တယ်လို့ ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသားတစ်ဦးက ဝန်ခံခဲ့ ပါတယ်။

ပြစ်မှုကျူးလွန်ပြီး ပုန်းရှောင်နေချိန်မှာ သေဆုံးသူရဲ့ ဝိညာဉ်က ခြောက်လှန့်တာကြောင့် မိသားစုဆီ ဆက်သွယ်ဝန်ခံခဲ့တာလို့ သူက ထွက်ဆိုပါတယ်။

သေဆုံးသူ အသက် ၂၁ နှစ်အရွယ် မမြင့်မြင့်ခိုင်ရဲ့ မီးလောင်ပြီး ကျန်ခဲ့တဲ့အရိုးကို DNA စစ်ဆေးနေဆဲမို့ ဒီကနေ့ထိ မသဂြိုဟ်နိုင်သေးဘူးလို့ သေဆုံးသူရဲ့ အမ ဒေါ်မြမြအေးက RFA ကို ပြောပါတယ်။

“မရဘူးရှင်။ ၄၅ ရက်စောင့်ရမယ်လို့ပြောပါတယ်။ ဒီအန်အေ(DNA) ရဖို့ ၄၅ ရက်စောင့်ရမှာ၊ ဟိုတနေ့က အလောင်းရှို့ တဲ့ နေရာက ပြာနည်းနည်း ပြန်ယူလာတယ်။ အဲဒါပဲရှိတယ်”

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဘက် ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီမြို့နယ် ကဘွန်ကျေးရွာအုပ်စု ဘန်က လောင် ကဘန်ကျေးရွာမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး မမြင့်မြင့်ခိုင်ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက နေအိမ် အိပ်ခန်းကနေ ပျောက်ဆုံးသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အလောင်းကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား Boonlai Buaman ကို နိုဝင်ဘာလ ၁၈ ရက် နေ့ညမှာ ကဘင်ဘူရီခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ မမြင့်မြင့်ခိုင်ကို အတင်းအဓမ္မလုပ်ကြံဖို့ ကြိုးစားချိန် ပြန်လည်ခုခံတဲ့အတွက် သတ်ပစ်လိုက်တာလို့ ကျူးလွန်သူ ထိုင်းအမျိုးသားက ထိုင်းရဲတပ်ဖွဲ့ကို ဝန်ခံထွက်ဆိုခဲ့တယ်လို့ သေဆုံးသူရဲ့အစ်မဖြစ်သူ ဒေါ်မြမြအေး က ပြောပါတယ်။

“သူဝန်ခံခဲ့တာကတော့ သူတယောက်တည်းပဲ သတ်ခဲ့တယ်။ ရေထဲလည်း ပစ်ချတယ်ဆိုတော့ အလောင်းဖျောက်ဖို့ မီးရှို့ခဲ့တယ်။ သူရဲစခန်းမှာ အဲဒီလို ထွက်ဆိုထားတယ်။”

ထိုင်းအမျိုးသားဟာ ပြစ်မှုကျူးလွန်ပြီးနောက် ဆွေမျိုးတွေရှိတဲ့ ဆာကယောက်ခရိုင်ကို ၃ ရက်ကြာ ထွက်ပြေးပုန်းရှောင်နေချိန်မှာ သေဆုံးသူရဲ့ ဝိညာဉ်က ခြောက်လှန့်တာကြောင့် အိပ်မပျော်နိုင်လို့ ဆွမ်းကပ်လှူခဲ့ပေမဲ့ ဆက်ပြီးခြောက်လှန့်နေတယ်လို့ဆိုပါတယ်။ နောက်ဆုံးတော့ သေဆုံးသူရဲ့ အစ်မကို ဖုန်းဆက်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပြီး ထွက်ဆိုခဲ့တယ်လို့ နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူဟာ မမြင့်မြင့်ခိုင်ရဲ့ အိပ်ခန်းထဲ ဝင်လာပြီး အတင်းအဓမ္မ လုပ်ကြံဖို့ ကြိုးစားချိန် သေဆုံးသူက ပြန်ခုခံတဲ့အတွက် လက်နှစ်ဖက်ကို ကြိုးတုတ်၊ ပါးစပ်ကို တိတ်နဲ့ ပိတ်ပြီး တောထဲ ဆွဲခေါ်သွားပြီး အဓမ္မပြုကျင့် ဖို့ကြံစည်ပြီး ရေထဲပစ်ချလိုက်ကြောင်းနဲ့ နောက်တနေ့ကျ မှ အလောင်းကို အခြားတနေရာမှာ ကားတာယာနဲ့ မီးရှို့ခဲ့တယ်လို့ ကျူးလွန်သူက ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ သေဆုံးသူ ညီမလေးရဲ့တရားမျှတမှုအတွက် တရားခံကို ပြင်းပြင်းထန်ထန် အပြစ်ပေးစေချင်တယ်လို့ ဒေါ်မြမြအေးက ပြောပါတယ်။

“ကျမတို့ကတော့ ကိုယ်တိုင်အပြစ်ပေးလို့ ရရင်တော့ ကိုယ်တိုင် အပြစ်ပေးချင်တာပေါ့။ ဒါပေမဲ့ အဲဒီလို လုပ်ခွင့်တော့ မရဘူးလေနော်။ ဥပဒေ ရှိသေးတယ်ဆိုတော့ ဒါပေမဲ့ သူ့ကို သေဒဏ်မှလွဲရင် အမတို့ကတော့ ကျေနပ်မှာ မဟုတ်ဘူး”

အခုလို အသတ်ခံရသူ မိသားစုတွေနဲ့ အလုပ်ရှင်တွေဘက်က အမြန်တိုင်ကြားတာ ဖြစ်တဲ့အတွက် အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမား ရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“အဲဒါမျိုး မရှိဘူး။ ဒီဟာကပြောရမယ်ဆိုရင် ဒါမျိုး တော်ရုံတန်ရုံ လက်ပူးလက်ကြပ် မိဖို့ဆိုတာ မရှိဘူး။ ခုန ပြောတဲ့ ကာယကံရှင်က စက်ရုံမှာလုပ်ဖော် ကိုင်ဘက်ဆိုတော့ သူတို့ရဲ့သက်ဆိုင်ရာစက်ရုံတို့မှာ အကုန်လုံးမှာ တိုင်တဲ့အခါကြတော့ ခုနပြောသလိုဘဲ ဝိညာဉ်ကပါ လိုက်တဲ့အခါကျတော့ ကြောက်တာ၊ ဒါကြောင့်မို့လည်း ဖြစ်တာ”

256324089_430370815287816_2841961422666544142_n.jpg
သေဆုံးသူ အသက် ၂၁ နှစ်အရွယ် မမြင့်မြင့်ခိုင်။ (Photo: CJ)

မမြင့်မြင့်ခိုင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲနယ်က ကယန်းတိုင်းရင်းသူဖြစ်ပြီး ပြစ်မှု ကျူးလွန်သူ ထိုင်းအမျိုးသားဟာ သေဆုံးသူ မမြင့်မြင့်ခိုင်နဲ့အတူ ငါးဖမ်းပိုက်ကွန်စက်ရုံထဲမှာ မီးပြင်ဆရာ လုပ်ကိုင်သူ ဖြစ်ပါတယ်။ တရားခံကို ဥပဒေအရ အရေးယူဖို့ ရဲတပ်ဖွဲ့က ကဘင်ဘူရီ ရဲစခန်းကို ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ဝင်ရောက်ကူညီချင်ပေမဲ့ ကူညီလို့မရဘူးလို့ အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ် အဖွဲ့ (AAC)က အထွေထွေတာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။“ မြန်မာမိန်းကလေးကို မုဒိမ်းကျင့်တဲ့အပြင် ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်တဲ့အမှုက တော်တော် လေးကို အင်မတန် ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းတယ်။ ဒီအဖြစ်ကို သွားတွေ့တော့ သူ့ကိုတော့ ဖမ်းထားတယ်လို့ တော့ သိရတယ်။ ဖမ်းပြီး ဘယ်လို ပြစ်မှုတွေနဲ့ တရားစွဲထားတယ်ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ နစ်နာကြေးထက်ကို လုပ်သွားတဲ့တရားခံကို ထိထိရောက်ရောက် ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပေးသင့်တယ်။ အဲတော့ ကျနော်တို့ အေအေစီအေနေနဲ့ ဝင်ရောက် ကူညီချင်ပေမဲ့လည်း ကူညီလို့မရဘူး ဖြစ်နေတယ်”

257926636_324946482352144_8931333374824989432_n.jpg
မမြင့်မြင့်ခိုင်၏ ရုပ်အလောင်းအား ထိုင်းရဲတပ်ဖွဲ့မှ တူးဖော်နေစဉ်။ (SAWANG RESCUE 24)

AAC အဖွဲ့ရဲ့ လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က အလုပ်သမားတွေကို ကူညီခဲ့တဲ့ အတွေ့အကြုံအရ မြန်မာ မိန်းကလေးတွေကို အဓမ္မပြုကျင့်ပြီး အသတ်ခံရတဲ့အမှု အနည်းဆုံး ၃ မှုလောက်ရှိခဲ့ပြီး မုဒိမ်းကျင့်မှုချည်း သက်သက်က ၁ လကို ၂ မှု ၃ မှု လောက်ထိ ရှိတယ်လို့ ဦးရဲမင်းက ပြောပါတယ်။

“အများကြီးရှိခဲ့ပါပြီ။ ကျနော်မှတ်မိသလောက်ဆိုရင် မြန်မာမိန်းကလေးတွေ အတင်းအဓမ္မပြုကျင့် ခံရပြီးတော့ အသတ်ခံရတာရော၊ သာမာန် မုဒိမ်းကျင့်ခံရပြီးတော့ မသေဆုံးတဲ့အမှုမျိုး တစ်ရာကျော် လောက် ရှိခဲ့ဖူးပါတယ်။ သာမန်မုဒိမ်းကျင့်မှု ပိုများပါတယ်။ လူသတ်မုဒိမ်းမှုကတော့ ၃- ၄ မှုလောက် ရှိတယ်။ အဲဒီထဲကမှ တရားခံ ထိုင်းလူမျိုးတွေ ဖြစ်ပြီးတော့ သူ့နိုင်ငံထဲမှာပဲ ပတ်ပြေးနေတာမျိုး၊ မဖမ်းမိတဲ့ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးတယ်။ တရားခံတွေကို ဖမ်းဆီးပြီးတော့ ထောင်ထဲကို အမှုမျိုးအများကြီး ရှိခဲ့ဖူးတယ်။ သတ်ပြီးတော့ မုဒိမ်းကျင့်တဲ့အမှုမျိုး ကတော့ အမှုရင်ဆိုင်ရတဲ့ကာလ ကြာတဲ့အခါကျတော့ တချို့အမှုဆို သုံးနှစ်ထိ ကြာတယ် အမိန့်မချနိုင်ဘူး။ အဲဒီလို အမှုမျိုးက ထောင်ဒဏ်ပြောရခက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မျက်မှောက်မှာပဲ ထောင်ဒဏ်ချတာတွေ ကတော့ ၇ နှစ်ထိ ၁၂ နှစ်ထိ ချတာတွေ့ဖူး ပါတယ်”

မမြင့်မြင့်ခိုင် အမှုနဲ့ ပတ်သက်လို့ ဘယ်အလုပ်သမားအဖွဲ့အစည်းကမှ ကူညီပေးတာ မရှိသေးပေမဲ့ ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာသံအရာရှိကိုတော့ ဘာသာပြန်ပေးသူကတဆင့် အကြောင်းကြားထားတယ်လို့ မမြမြအေးက ပြောပါတယ်။ မြန်မာအလုပ်သမားသံအရာရှိကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။