ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘန်ဘောဈေးထဲကို ဇွန်လ ၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ထိုင်းအာဏာပိုင်အဖွဲ့စုံက ဝင်ရောက်စစ်ဆေးစဥ် မြန်မာအလုပ်သမား သုံးဆယ်ကျော် ဖမ်းဆီးခံလိုက်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အထောက်အထားမရှိဘဲ စျေးရောင်းတဲ့သူတွေနဲ့ အထောက်အထားရှိပေမဲ့ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဥ်းနဲ့မကိုက်ညီသူတွေ ဖမ်းဆီးခံလိုက်ရတာလို့ ရွှေရောင်တွဲလက်များ အသင်းဥက္ကဋ္ဌ ကိုဝဏ္ဏက RFA ကို ပြောပါတယ်။
“အထောက်အထားမရှိဘဲ စျေးရောင်းတဲ့သူတွေ၊ အထောက်အထားရှိလည်း အလုပ်သမားကတ်က သူဌေးနာမည် မတူတာတို့ အဲဒီလူတွေကို ဖမ်းသွားတာ။ လူအယောက် သုံးဆယ်ကျော်လောက် ဖမ်းခံထိသွားတယ်။ ကား လေး-ငါးစီးနဲ့ ဖမ်းသွားတယ်။ အဖွဲ့စုံဝင်တာဆိုတော့ အထောက်အထား မရှိတဲ့သူတွေကိုတော့ ပြန်ပို့မယ်ထင်တယ်။ အထောက်အထားရှိတဲ့သူကျတော့ သူဌေးကိုယ်တိုင် တာဝန်ယူပြီး လိုက်ရွေးပေးတာရှိတယ်”
ဘန်ဘောစျေးမှာ မြန်မာအများစုက စျေးရောင်း၊ ဈေးဝယ်လုပ်ကြပြီး မြန်မာစားသောက်ကုန်တွေကို အဓိကထား ရောင်းချကြတာပါ။ ဖမ်းဆီးမှုတွေ ဖြစ်ပြီးနောက်ပိုင်း ဈေးထဲက ဈေးဆိုင်ခန်းတချို့ ပိတ်ထားပြီး ဈေးရောင်းဈေးဝယ်သူတွေလည်း နည်းသွားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်တာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်သူတွေ များလာနေတာကြောင့် အရင်ကထက် ဖမ်းဆီးစစ်ဆေးမှု များလာနေတယ်လို့ ဘန်ကောက်မြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး သုံးလကျော်အတွင်း ထိုင်းနိုင်ငံကို ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက အထောက်အထားမရှိတဲ့သူ ၃၆၀၀ နီးပါး ဖမ်းဆီးခံနေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။