မလေးရှားရောက် မြန်မာလုပ်သားတွေကို မြန်မာသံရုံး သတိပေး


2018.06.09
myanmar-embassy-malaysia-622.jpg မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးကို တွေ့ရစဉ်
Photo: Myanmar Embassy in Kuala Lumpur, Malaysia

မလေးရှားအစိုးရက ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကစပြီး တရားမဝင် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရေး စီမံချက်ကို စတင်ဆောင်ရွက်နေတာကြောင့် မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သတိထားကြဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ မလေးရှားကို တရားဝင်နည်းလမ်းနဲ့သာ လာရောက်အလုပ်လုပ်ကြဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပထမအတွင်းဝန် ဒေါ်မေသူဖြူက ပြောပါတယ်။

"သူတို့စီမံချက်တွေထားပြီးတော့ လူအရမ်းစည်ကားတဲ့အချိန်တွေမှာ ဖမ်းတာပဲ။ ကိုယ်တွေကတော့ ကိုယ့်မြန်မာနိုင်ငံသားတွေ ဒီမှာအလုပ်လုပ်ရင်လည်း တရားဝင်ပဲ အလုပ်လုပ်စေချင်တယ်။ တရားဝင် အလုပ်လုပ်တဲ့အခါကျတော့ အလုပ်ခွင်ထဲမှာ ထိခိုက်ဒဏ်ရာရတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ဖြစ် အစ်မတို့က ဥပဒေကြောင်းအရ သူတို့ကို တောင်းဆိုပိုင်ခွင့်တွေရှိတယ်၊ နောက်ဆုံး သေသွားရင်တောင် လျော်ကြေးတောင်း ပိုင်ခွင့်ရှိတယ်၊အခုဒီမှာကျတော့ မြန်မာပြည်ကနေ ဒီကို အောက်လမ်းကနေ အလွယ်တကူလာလို့ရတော့ တရားမဝင် အလုပ်သမားက များတယ်၊အလုပ်ရှင်တွေဘက်ကကျတော့လည်း တရားဝင်တဲ့ အလုပ်သမား ခန့်အပ်တဲ့အခါကျတော့ သူတို့မှာ တာဝန်ကြီးတယ်၊ တရားမဝင်တဲ့ အလုပ်သမားခန့်တော့ ထိခိုက်ဒဏ်ရာ ရရင်လည်း သူတို့တာဝန်မယူဘူးဆိုရင်လည်း ကိုယ်တွေသံရုံးဘက်က သူတို့ကို ကွန်ပလိန်း တက်လို့မရဘူး ၊အဲဒီတော့ အစ်မတို့က တရားဝင်ပဲ လာအလုပ်လုပ်စေချင်တယ်"

မလေးရှားအစိုးရက မလေးရှားနိုင်ငံအတွင်း တရားမဝင် အလုပ်သမားငှားရမ်းတဲ့ အစီအစဉ်ကို ဒီလကုန်ကစပြီး ဆောင်ရွက်ခြင်းမပြုတော့တဲ့အပြင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားပြဿနာကို တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေနဲ့ အလေးပေးကိုင်တွယ် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မလေးရှားမှာ ပြီးခဲ့တဲ့ ဇွန်လ တစ်ရက်နေ့ကစပြီး တရားမဝင် အလုပ်သမားဖမ်းဆီးရေးကို စတင်ဆောင်ရွက်ခဲ့ရာမှာ တရားမဝင်အလုပ်သမား အယောက် ၁၇ဝ ကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးကနေ တရားဝင်ကြေညာခဲ့ပေမယ့် အဲဒီထဲမှာ မြန်မာလုပ်သား ဘယ်လောက်ပါတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ ထိန်းသိမ်းရေးစခန်း ၁၁ ခုရှိပြီး တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးပြီးနောက် သတ်မှတ် ပြစ်ဒဏ်ခံရပြီးတဲ့အခါ ထိန်းသိမ်းရေးစခန်းတွေကို ပို့လေ့ရှိပါတယ်။

အဲဒီထိန်းသိမ်းရေးစခန်းတွေကနေ မြန်မာနိုင်ငံကို ပြန်ချင်တဲ့ မြန်မာအလုပ်သမားတွေကို  သံရုံးက ပြန်လည် ပို့ဆောင်တာတွေ ဆောင်ရွက်ပြီး မေလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တဲ့ အလုပ်သမား ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ လက်ရှိ မြန်မာအလုပ်သမား ၄ သိန်းဝန်းကျင်ရှိပြီး အဲဒီထဲမှာ တရားဝင်အလုပ်သမားက ၂သိန်းဝန်းကျင်သာရှိတယ်လို့ မြန်မာသံရုံးရဲ့စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။