ထိုင်း-မြန်မာ နယ်စပ်တံတားပြန်ဖွင့်၊ မြန်မာအလုပ်သမား ၂ဝဝ ကျော် ဝင်ခွင့်ရ

ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူစာချွန်လွာ (MOU) စနစ်နဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော် ထိုင်း-မြန်မာ နယ်စပ်ကနေ ဒီကနေ့ မေလ ၁ဝ ရက်နေ့မှာ ပထမဆုံးစပြီး ဝင်ခွင့် ရခဲ့ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တစ်ဖက်ကမ်း မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေး တံတားကနေ မြန်မာလုပ်သား အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၂၀၉ ဦး၊ စုစုပေါင်း ၂၈၇ ဦးကို ထိုင်းနိုင်ငံက ကြိုဆိုလက်ခံခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အခု ဝင်ခွင့်ရတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ Panus poultry Group Co.,Ltd. ကြက်သားစက်ရုံမှာ အလုပ် လုပ်ကိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

MOU မြန်မာလုပ်သားတွေ တရားမဝင် လမ်းကြောင်းက လာခွင့်ရတာ ကောင်းတယ်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ တာ၀န်ခံ ဦးမိုးကျော်က ပြောပါတယ်။

“ပိုက်ဆံတွေကုန်ပြီး ကယ်ရီနဲ့ လာတယ်။ သုံးသောင်း လောက်ကုန်မယ်။ ဒါပေမဲ့လို့ တရားမဝင်လမ်းကြောင်းကလာတဲ့အခါကျတော့ အခု ဆက်တိုက်ဆိုသလိုပဲ ကားတွေ မှောက်တယ်။ သေနတ်နဲ့ ပစ်ခံရပြီး ဒဏ်ရာရ သေဆုံးတာတွေ ရှိတဲ့အခါမှာ အကြမ်း ဖျဉ်း ကောင်းတယ်လို့ ပြောလို့ရတယ်။”

အခုဝင်လာတဲ့ MOU မြန်မာအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ဆိုထားသူတွေ ဖြစ်ပြီး ချွန်ဘူရီခရိုင်က ကြက်သားစက်ရုံမှာ သွားရောက် လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ ဦးမိုးကျော်က ပြောပါတယ်။

ဒီကနေ့ ထိုင်းနိုင်ငံကို ဝင်လာတဲ့ MOU လုပ်သားတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုး ပြီးကြောင်း စာရွက်စာတမ်းပါရှိရမှာဖြစ်သလို ကိုဗစ်ဆေးစစ်ဆေးတာ၊ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနကနေ အမည်စာရင်းတွေကို စစ်ဆေးတာတွေ လုပ်ပေးပြီးနောက် သီးသန့်စောင့်ကြည့် ကွာရန်တင်းဝင်စရာမလိုဘဲ လုပ်ငန်းခွင်ကို တိုက်ရိုက်လုပ်ကိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

ကိုဗစ်အရေးပေါ်ကာလကြောင့် ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေကို ၂၀၂၀ ပြည့်နှစ် မတ်လ ကတည်းက နှစ်နှစ်ကျော်ကြာအောင် ပိတ်ထားခဲ့တာပါ။