တရုတ် ကြေးနီကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။

စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကားကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ်လို့ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ်အတွင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူးနဲ့ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ် လူစုခွဲရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ဝိုင်းထားဆဲ ဖြစ်ကြောင်းလည်း ဆည်တဲရွာသူက နောက်ဆုံးအခြေအနေကို ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီတစ်ခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်းနယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ဒေသခံတွေက သူတို့ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့အတွက် အခုလို ကားတွေနဲ့ လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စုပုံနေတာဖြစ်ကြောင်း ရွာသူရွာသားတွေက ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တောနဲ့ ရွာသာရွာက တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်မှာ မြန်မာယမ်စီ ကုမ္ပဏီက ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀) လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော် သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြပါတယ်။

တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီဟာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။