မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးက တံတားတစ်ခု မိုင်းခွဲခံရ

ကရင်ပြည်နယ်၊ မြဝတီနဲ့ ကော့ကရိတ်မြို့ကြားက လေးကေ့ကော်မြို့သစ်အနီး အာရှ လမ်းမကြီးပေါ်က တံတားတစ်ခု မိုင်းဖောက်ခွဲခံလိုက်ရလို့ ပြန်လည်ပြုပြင်ဖို့အတွက် မတ်လ ၁၄ ရက် မနေ့ကစပြီး သုံးရက်ကြာ ပိတ်ထားမယ်လို့ စစ်ကောင်စီက ကြေညာ ထားပါတယ်။

မတ်လ ၁၃ ရက် နေ့လယ်ပိုင်းက ကော့ကရိတ် - မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ် တံတား အမှတ် (၅/၉၁) ကို KKO အဖွဲ့ရဲ့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးတာ ခံရတယ်လို့ စစ်ကောင်စီရဲ့ မြဝတီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီ တံတားပျက်စီးခဲ့လို့ ယာဉ်ငယ်လေးတွေသာ မောင်းနှင်ဖြတ်သန်းနိုင်ပြီး ကုန်တင် ကားတွေ ခရီးသည်တင် ကားကြီးတွေ ဖြတ်သန်းမောင်းနှင်မရလို့ ပြုပြင်နေရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ကလည်း အာရှလမ်းပေါ်ကို စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင် ခြေလျင် ချီတက်လာပြီးနောက် ပစ်ခတ်မှုတွေရှိခဲ့သလို ခရီးသည်တင်ကား တစ်စီး၊ ကုန်တင်ကား နှစ်စီးနဲ့ အိမ်စီး ကားနှစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အဲဒီနေ့က ခရီးသည်တစ်ယောက်က RFA ကို ပြောပေမယ့် ဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတာတော့ အတည်မပြုနိုင်ခဲ့ပါဘူး။

အာရှလမ်းမပေါ်က ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ KNU/KNLA နဲ့ မသက်ဆိုင်တဲ့ KKO အမည်ရှိ အဖွဲ့တစ်ခုက လမ်းပေါ်က ကားတွေကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။

KKO အဖွဲ့ကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံတပ်တွေဟာ KNU ရဲ့ တပ်မဟာ ၅ နယ်မြေထဲ လက်ရှိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

မတ်လ ၁၄ ရက် မနေ့ညပိုင်းကလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် (KNLA) တို့ လေးကေ့ကော်မြို့သစ်က ၃ ရပ်ကွက်နဲ့ ၇ ရပ်ကွက် တို့မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ အဲဒီဒေသမှာ ရောက်နေသူတွေက ပြောပါတယ်။