မြဝတီမှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး သေဆုံး
2024.02.03

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်ပိုင်းက နေအိမ်ပေါ် ကို လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၀ နှစ်အရွယ် ငါးတန်းကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကလေးက သူတို့အိမ်ဘေးမှာ ကျတဲ့ ကျည်အစတွေက သူ့ကိုဖောက်ဝင်သွားတာ။ အဘွားကတော့ နည်းနည်းပဲ ထိသွားတယ်။ ကျည်မှာက ဒလက်ကြီးလည်းပါတယ်”
ဒီလက်နက်ကြီးကျည်ကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရဘူးလို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက် နေ့လယ်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြဝတီမြို့နယ်က စစ်ကောင်စီတပ် စခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။