မန္တလေးတိုင်းဒေသကြီး မြင်းခြံအကျဉ်းထောင်က ထောင်ပိုင်နဲ့ ထောင်မှူးကြီးကို မန္တလေးအကျဉ်းဦးစီးဌာနရုံးမှာ စာရင်းပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနက ညွှန်ကြားလိုက်ပါတယ်။
ထောင်သားတွေနဲ့ ပတ်သက်ရတာမျိုးမဟုတ်ဘဲ စာရင်းပိုင်းဆိုင်ရာပဲလုပ်ဖို့ တာဝန်ပြောင်းလိုက်တယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။
"ထောင်ပိုင်ကြီးနဲ့ ထောင်မှူးကြီးကိုတော့ ကျနော်တို့ ဖယ်လိုက်ပါပြီ၊ အစားထိုးဖို့လုပ်နေပါပြီ ၊ နှစ်ယောက်စလုံးကို ရုံးကိုရွှေ့လိုက်ပါတယ်၊ မန္တလေးညွန်မှူးရုံးကိုပါ၊ ရုံးလုပ်ငန်းလုပ်ရတဲ့နေရာပဲ အကျဉ်းသားတွေနဲ့ မပတ်သက်ဘူးပေါ့" လို့ ဦးမင်းထွန်းစိုး က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က မြင်းခြံထောင်မှာ ထောင်ပိုင်နဲ့ ထောင်မှူးကို ပြောင်းရွှေ့ပေးဖို့၊ အကျဉ်းသားတစ်ဦးကို စောင် ၃ ထည်ထက် ပိုယူခွင့်ပေးဖို့၊ အကျဉ်းထောင်တွင်း အလုပ်မခိုင်းဖို့၊ အကျဉ်းဆောင် တစ်ဆောင်နဲ့ တစ်ဆောင် ကူးလူးခွင့်ပြုဖို့တို့ကို အကျဉ်းသားတွေက တောင်းဆိုခဲ့ကြပါတယ်။
အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေထဲက စောင် ၃ ထည်ထက် ပိုယူခွင့်ပေးဖို့နဲ့ အကျဉ်းဆောင် တစ်ဆောင်နဲ့ တစ်ဆောင် ကူးလူးခွင့်ပြုဖို့ အချက်တွေဟာ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ခွင့်မပြုဘဲ ကျန် ၂ ချက်ကို လိုက်လျောပေးခဲ့တာလို့ ဦးမင်းထွန်းစိုး က ပြောပါတယ်။