မြင်းမူမှာ PDF တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ
2023.09.23

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးမှာ စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ရုပ်အလောင်းတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက RFA ကို ပြောပါတယ်။
ခြေရာတော်ရွာအနီး မြင်းမူ- မြောင်လမ်းခွဲကို PDF တပ်ဖွဲ့ဝင်တွေလာတဲ့အချိန် ကြိုတင်ရောက်နှင့်နေတဲ့ စစ်ကောင်စီတပ်တွေက အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
တချို့က ပစ်သတ်ခံရပြီး တချို့ကတော့ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရတာလို့ ရုပ်အလောင်းကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
"အလောင်းတွေ ရပါတယ်ဗျာ။ ကျွန်တော်တို့ အဲဒီက အခုမှပြန်လာတာ။ ခေါင်းတွေ ပစ်တယ်၊ ရင်ဝတွေ ပစ်တယ်၊ ခန္ဓာကိုယ်တွေ ဖြတ်တယ်။ ဖမ်းပြီးတော့ သတ်တာပါ။ မီးတောင် မသင်္ဂြိုဟ်နိုင်ပါဘူး။ ဒီလူအရေအတွက်က ထင်းမရှိလို့ မြေကော်ကားနဲ့ကော်ပြီး မြေမြုပ်ရတာ"
သတ်ဖြတ်ခံရသူတွေဟာ Black Eagle တပ်ဖွဲ့ဝင် ၂၀ ဦး၊ မြောင်မြို့နယ် (MRA) အဖွဲ့ဝင် ငါးဦး၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က နှစ်ဦး ပါဝင်သလို အသက် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း၂၈ ဦးရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) ရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
အများဆုံးသတ်ဖြတ်ခံရတဲ့ Black Eagle အဖွဲ့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီအတွက် ဝါဒဖြန့်ချိပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း PDF တပ်ဖွဲ့ဝင် ၂၅ ဦးကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၂၃ ရက် ဒီကနေ့ ရေးသားနေပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း သေနတ် ၁၀ လက်အပြင် အခြား လက်နက်ခဲယမ်းတချို့လည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၇၀ ကျော် ပါဝင်ပြီး စက်တင်ဘာလ ၂၃ ရက်မနက်မှာတော့ မြောင်မြို့နယ်အတွင်းကို ဝင်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။