ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း များနေ့ အခမ်းအနားကို ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ မေခ မလိခမြစ်နှစ်သွယ် ပေါင်းဆုံ ရာနေရာမှာ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ရတဲ့ ဒေသခံကျေးရွာသားတွေက စုပေါင်းကျင်းပခဲ့ ပါတယ်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ရာသက်ပန်ရပ်ဆိုင်းဖို့ ထပ်မံတောင်းဆိုကြောင်း ဒီနေ့အခမ်းအနားကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးရှဂေါင်တန်ဂွန်းက ပြော ပါတယ်။
"အခုနှစ် ၂ဝ၁၅ နေ့တွင်ကျရောက်သော နိုင်ငံ တကာ မြစ်ချောင်းများနေ့တွင် မြစ်ဆုံရေကာတာ စီမံကိန်းကို ရာသက်ပန်ရပ်ဆိုင်းပေးရန် မြစ် ဆုံဒေသခံပြည်သူများမှ ထပ်မံတောင်းဆို လိုက်ပါသည်၊ ဧရာဝတီမြစ်ကြီး အနာဂတ်ကိုထိခိုက်နိုင်သည့် မေခနဲ့ မလိခမြစ်ပေါ်တွင် တည်ဆောက် မည့် အခြားသော ဆည် ၆ ခုကိုလည်း ရပ်တန့်ပေးရန် တောင်းဆိုလိုက်ပါသည်"
မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲ၊ လဖျဲ့၊ မြစ်ဆုံကျေးရွာတွေက ရွာသားနှစ်ထောင်လောက်ဟာ အောင်မြင် သာကျေးရွာမှာ ရွှေ့ပြောင်းနေထိုင်နေရတာပါ။
ဒီနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ဒေသခံရွာသားတွေဟာ ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ခဲ့သလို မြစ်ဆုံနဲ့ ပတ်သက်တဲ့ တေးသီချင်း၊ ကဗျာတွေကို ရွတ်ဆိုခဲ့ကြပြီး ဧရာဝတီမြစ် ထာဝရတည်တံ့ရေး၊ မြစ်ဆုံစီမံကိန်း အမြန်ဆုံးရပ်ဆိုင်းရေး စသဖြင့် တောင်းဆိုကြွေးကြော်ခဲ့ကြပါတယ်၊ အဲ့ဒီစီမံကိန်းကို သမ္မတဦးသိန်းစိန်အစိုးရက ၅ နှစ်တာ ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာ မြစ်ချောင်းများ အခမ်းအနားတွေကို ရှမ်းနဲ့ကရင်ပြည်နယ်တွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒီအတောအတွင်း သံလွင်မြစ်မှာ ဆောက်လုပ်ဖို့စီစဉ်ထားတဲ့ ရေကာတာစီမံကိန်း ၆ ခုကို ရပ်ဆိုင်းပေးဖို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနဲ့ ရေကာတာ ဆန့်ကျင်ရေးနေ့မှာ ကရင်မြစ်ချောင်းများကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
ရေကာတာစီမံကိန်းတွေကြောင့် ပြည်သူတွေအတွက် အကျိုးအမြတ် ဘယ်လောက်ရနိုင်မယ်ဆိုတဲ့ မူဝါဒမျိုးမရှိသေး တဲ့အတွက် အခုလို ကန့်ကွက်ရတာလို့ ကရင်မြစ်ချောင်းများကွန်ရက်က စောအဲလက်စ်က ပြောပါတယ်။