မန္တလေးတိုင်း၊ မြစ်ငယ်မြို့ မီးရထားပိုင်မြေမှာ CDM လုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေနဲ့ မြို့ပေါ်က ကျူးကျော်နေထိုင်သူတွေကို မတ်လ ၅ ရက်နေ့ကစပြီး စစ်ကောင်စီက ဖယ်ရှား ရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရထားပိုင်မြေပေါ်မှာ ကျူးကျော်နေထိုင်ကြသူတွေကိုပါ ဖယ်ရှားရှင်းလင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
တစ်မြို့လုံးနီးပါးကို မြေကော်ကားတွေနဲ့ လာဖျက်နေတာဖြစ်ပြီး ဈေးဝယ်စရာဆိုင်တောင်မရှိတော့ဘူးလို့ ဆိုပါတယ်။
CDM လုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ရင် ဆက်လက်နေခွင့်ပေးမယ်ဆိုလို့ ဝန်ထမ်းတစ်ရာလောက်က လက်မှတ်ထိုးပြီး အလုပ်ပြန်ဝင်တာ ရှိတယ်လို့ ဆိုပါတယ်။
မြစ်ငယ်မြို့က CDM လုပ်ထားတဲ့ မီးရထားဝန်ထမ်းဦးရေကို RFA က စုံစမ်းနေဆဲဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်လက်အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
မြစ်ငယ်မြို့ဟာ မီးရထားဝန်ထမ်းမြို့ဖြစ်ပြီး ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်၊ အိမ်ခြေ ၁၀၀၀ မှာ မှီခိုနေထိုင်သူ ၅၀,၀၀၀ ဝန်းကျင်ကို စစ်တပ်က ဖယ်ရှား ရှင်းလင်းနေတဲ့အတွက် နေစရာအခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။