မြစ်ဆုံရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ တစ်ရွာလုံးထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက မြစ်ဆုံရွာထဲကို စက်တင်ဘာလ ၈ ရက်၊ ဒီကနေ့ မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် တစ်ရွာလုံး ထွက်ပြေးနေကြရတယ်လို့ မြစ်ဆုံရွာဒေသခံတွေက RFA ကို ပြောပါတယ်။

"မနက် ၁၀ နာရီလောက်ကတည်းက ပစ်နေတာ အခုထိပဲ၊ လက်နက်ကြီး (၁၀) လုံးလောက် ရှိနေပြီ၊ တစ်ဘက်တည်း ပစ်နေတာပါ၊ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြန်ပစ်တာ မရှိဘူး၊ ဒီတစ်ရွာထဲကိုပဲ စစ်ကောင်စီက မဲနေတာ ဘာလို့လဲတော့ မသိဘူး၊ အခုကတော့ တစ်ရွာလုံး ထွက်ပြေးနေတယ်၊ ရွာထဲက ပျက်စီးတဲ့အခြေနေတွေကတော့ ဘာမှမသိရသေးဘူး" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ဆုံရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

မြစ်ဆုံရွာဟာ အိမ်ခြေ (၈၀၀) ခန့်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြတဲ့ ရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ကလည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကို စစ်ကောင်စီက တူမီးသေနတ်တွေနဲ့အတူ ဖမ်းဆီးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

မန္တလေးမြို့အခြေစိုက် VOM သတင်းဌာနကတော့ စစ်ကောင်စီတပ်တွေ မနေ့က မြောင်မြို့နယ်ထဲက ချောင်းဆင်းရွာနဲ့ ပေါက်ချောင်းရွာကို ဝင်ရောက်လာပြီးနောက်ပိုင်း ဒေသခံအချို့ ဖမ်းဆီးခံရတာနဲ့ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြောင်မြို့နယ် စီမံခန့်ခွဲရေးကော်မတီကတော့ စစ်ကောင်စီရဲ့ နယ်မြေ ရှင်းလင်းရေး လှည့်ကင်းအဖွဲ့တွေ အခုလို ပစ်ခတ်ဖမ်းဆီးနေတာဟာ ကင်းလှည့်နေတာသာဖြစ်ပြီး အခြား အခြေနေတွေကိုတော့ ပြောလို့မရသေးဘူးလို့ VOM သတင်းဌာနကို မနေ့က ဖြေဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ကလည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီဘက်က အင်အား တစ်ရာနီးပါးနဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေ အဖမ်းမခံရပေမယ့် ပစ္စည်းအချို့ သိမ်းဆည်းခံခဲ့ရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။