ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကေ်ာမရှင်အဖွဲ့မှာ နိုင်ငံခြားသား ၃ ဦး ပါဝင်နေတဲ့အပေါ် ကန့်ကွက်ကြောင်း မြို အမျိုးသားဒီမိုကရေစီပါတီက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံခြားသားဦးစီးပြီး ကော်မရှင်ဖွဲ့ လုပ်ကိုင်မှာကို ဒေသခံတွေက မကြိုက်တဲ့အတွက် အခုလို ကန့်ကွက် တာဖြစ်ကြောင်း မြိုအမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ ဦးမြထွန်းက ပြောပါတယ်။
"ရခိုင်ဒေသရဲ့ မြေပြင်အခြေအနေကို နိုင်ငံခြားသားဦးစီးပြီး ဒီလိုမျိုးကော်မရှင်ဖွဲ့ပြီးလုပ်မှာကို ရခိုင်ပြည်နယ် ဒေသခံတွေက သံသယတွေရှိတယ်၊ စိုးလည်းစိုးရိမ်တယ်၊ အဲ့ဒီလိုမျိုး နိုင်ငံခြားသား ပါဝင်ပတ်သက်နေတာကို ကန့်ကွက်တာဖြစ်ပါတယ်"
ပြည်တွင်းအရေးဖြစ်တာကြောင့် ကော်မရှင်ကို မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုး ပညာရှင်တွေနဲ့သာ ဖွဲ့စည်းသင့်ကြောင်းနဲ့ နိုင်ငံခြားသား တိုက်ရိုက်ပါဝင် ဖွဲ့စည်းထားတာကို ပြန်လည်သုံးသပ်ဖို့ ကြေညာချက်မှာ ပါရှိပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ပပညာရှင် ၃ ဦးနဲ့ ပြည်တွင်းက လူပုဂ္ဂိုလ် ၆ ဦး အပါအဝင် စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
အဲ့ဒီကော်မရှင်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကနေတဆင့် အစိုးရထံ ၁ နှစ်အတွင်း တင်ပြရမှာဖြစ်ပါတယ်။