သတင်းထောက် ကိုမျိုးစံစိုး ထောင် ၁၅ နှစ်ချမှတ်ခံရ
2022.12.01
ဧရာ၀တီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ကိုမျိုးစံစိုးကို ဖျာပုံထောင်တွင်းတရားရုံးက နိုဝင်ဘာ ၃၀ ရက်၊ မနေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ပြီး ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့ မနက်မှာ ပုသိမ် အကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ ကိုမျိုးစံစိုးရဲ့ မိသားစုက RFA ကို ပြောပါတယ်။
ကိုမျိုးစံစိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်နဲ့ ပုဒ်မ - ၅၂ (က) နဲ့ ထောင်ဒဏ် ငါးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တာလို့ ကိုမျိုးစံစိုးရဲ့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"ခံစားရတာတော့ သားသမီးက ကျွန်တော်တို့က နည်းတယ်။ သားသမီးနှစ်ယောက် တည်း ရှိတယ်။ သူကတော့ အိမ်မှာအတူနေတာပေါ့လေ။ အတူနေတာဆိုတော့ သူမရှိတဲ့အခါကျတော့ ကျနော်တို့အတွက်က အားကိုးအားထားပြုရမယ့်သူ မရှိဘူးဖြစ်သွားတာပေါ့။ သူမိခင်ဆိုလည်း အဲဒီမှာ ငိုယိုနေတာပေါ့"
ဖျာပုံအကျဉ်းထောင်မှာ ထောင်ဒဏ်ဆယ်နှစ်အောက် အကျဉ်းသားတွေကိုပဲ လက်ခံနိုင်တာ ကြောင့် ပုသိမ်အကျဉ်းထောင်ကို ရွှေ့ပြောင်းခံရတာလို့လည်း ပြောပါတယ်။
ကိုမျိုးစံစိုးဟာ ဖျာပုံမှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတဲ့လူငယ်တွေ ထွက်ပြေးတဲ့အချိန် ကူညီတဲ့အနေနဲ့ ကျပ်ငွေသုံးသောင်းပေးခဲ့သလို စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် PDF တွေနဲ့ပါ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အခုလိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ချခံရတာလို့လည်း ပြောပါတယ်။
ကိုမျိုးစံစိုးဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ကိုမျိုးစံစိုးဟာ ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ Ayeyarwaddy Times၊ BNI နဲ့ Delta News Agency တို့မှာ သတင်းရေးသားခဲ့ဖူးတဲ့ သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီနေ့အထိ နိုင်ငံတစ်ဝန်းမှာ သတင်းသမား ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရပြီး သတင်းသမား ၄၇ ဦး လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးအကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။