မြန်မာနိုင်ငံရဲ့ လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Mytel ရဲ့ ပရိုမိုးရှင်း ကံစမ်းမဲအစီအစဉ် တစ်ခုကို ရပ်ဆိုင်းဖို့ မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားလိုက်ပါတယ်။
Mytel ရဲ့လူသိများလာတဲ့ Shake Shake ပရိုမိုးရှင်းအစီအစဉ်မှာ ဆုမဲတွေကို လူတိုင်းနီးပါးရနေတာဖြစ်လို့ ကံစမ်းမဲနဲ့မတူဘူးဆိုပြီး ယှဉ်ပြိုင်မှုဥပဒေအရ တားမြစ်လိုက်တာဖြစ်ကြောင်းနဲ့ ဈေးကွက်ကို ရိုးရိုးသားသားနဲ့သာ ယှဉ်ပြိုင်သွားစေချင်တယ်လို့ မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ က ပြောပါတယ်။
"ကျနော်တို့ဖြစ်စေချင်တာက ဘယ်လိုခေါ်မလဲ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားနဲ့ ယှဉ်ပြိုင်တဲ့ ရှင်သန်သွားတဲ့ Telecom Market ပဲဖြစ်စေချင်တယ်၊ မဟုတ်တဲ့နည်းနဲ့ ညစ်ပတ်တဲ့နည်းနဲ့ တစ်ခြားသူကိုပြိုလဲအောင် တမင် သက်သက်ဖြစ်အောင်၊ မဖြစ်အောင်လည်း ကျနော်တို့ ဥပဒေအရ ခုနပြောသလို ယှဉ်ပြိုင်မှုဥပဒေဆိုတာရှိပြီးသား၊ ဒါကခုနပြောသလို နောက်ပိုင်းမှာက အားလုံးက ကျနော်တို့က အကိုယ့်အသိစိတ်ဓာတ်ရှိရှိနဲ့ပေါ့ အဓိကက ကိုယ့် Service ကို ကိုယ်ကောင်းအောင်လုပ်ပြီးဝန်ဆောင်မှုပေးနေရင် အားလုံး Customer ရလာမှာပါ"
Mytel ကို အခြားအော်ပရေတာတွေထက် ပရိုမိုးရှင်းအစီအစဉ်တွေမှာ ၇၀ ရာခိုင်နှုန်းလောက်ထိ လျော့ပေါ့ပေးခဲ့ပေ မယ့် အခုလိုလုပ်ဆောင်တာဟာ ယှဉ်ပြိုင်မှုဥပဒေအရ ဦးမျိုးဆွေ က ပြောပါတယ်။
ဒါ့အပြင် တခြားဆက်သွယ်ရေးအော်ပရေတာတွေက ကန့်ကွက်လာတာတွေရှိတယ်လို့လည်း ပြောပါတယ်။
အဲဒီကံစမ်းမဲကာလကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပြီး အခုလိုရပ်ဆိုင်းခံရတဲ့အတွက် အခြားဆုမဲတွေနဲ့ ပုံစံပြောင်းလဲပြုလုပ်သွားမယ်လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦး က ပြောပါတယ်။
Mytel ကုမ္ပဏီမှာ ဗီယက်နမ်တပ်မတော်နဲ့ မြန်မာ့တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီက ရှယ်ယာအများဆုံး ပိုင်ဆိုင် ထားကြတာဖြစ်ပါတယ်။ ဇွန်လပထမပတ်ကစတင်ကာ ဈေးကွက်အတွင်းဝင်ရောက်လာတာဖြစ်ပြီး တစ်လအတွင်း သုံးစွဲသူ တစ်သန်းခွဲနီးပါးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။