မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ဦးနိုင်ထူးအောင်ရဲ့ နေအိမ် မေလ ၁၇ ရက်နေ့ညက မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ ည ၁၂ နာရီလောက်က စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ကားနှစ်စီးနဲ့ ရောက်ရှိလာပြီး ပစ်ခတ်မှုတွေ လုပ်ပြီးနောက် မီးရှို့ ခံခဲ့ရတာလို့ နွားထိုးကြီးမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပစ်တာ ၁၀ ချက်ကျော်တယ်။ ကျနော်တို့နားက ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ လာတဲ့သူတွေအကုန် လက်နက်ပါတယ်။ တချို့တလေ စစ်ဝတ်စုံ ဝတ်ထားတာ တွေ့တယ်။ ဦးနိုင်ထူးအောင်အိမ်ကို မီးရှို့မယ်လို့ သတင်းထွက်နေတာ တစ်ပတ်ကျော်နေပြီ။ ပန်းပဲဖိုနဲ့ အိမ်နောက်က မီးဖိုချောင်ပဲ လောင်တယ်။ အိမ်မကြီးထိ မီးမရောက်ဘူး။ မီးက သူ့ဘာသာပဲ ငြိမ်းသွားတယ်"
ဦးနိုင်ထူးအောင် အိမ်ကို မီးရှို့မဖျက်ဆီးခင် နှစ်ရက်အလိုမှာ ပတ်ဝန်းကျင်ကနေအိမ်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ စစ်ကောင်စီတပ်တွေက ပြောဆိုတာတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့တယ်ဆိုတဲ့ပြောဆိုမှုတွေဟာ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
လက်ရှိမှာတော့ အဲဒီအိမ်မှာ လူမနေတာ တစ်နှစ်ကျော်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဦးနိုင်ထူးအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ အတွင်းဝန်အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။