နိုင်ငံအမည် ပြောင်းသင့်ကြောင်းနဲ့ ပြည်နယ်တွေ သတ်မှတ်ပေးဖို့ ဆွေးနွေး

2016-09-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်မှာကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ၃ ရက်မြောက်နေ့ အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ MNSP ဒုတိယဥက္ကဌ နိုင်ဟံသာ ဆွေးနွေးနေစဉ်
နေပြည်တော်မှာကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ၃ ရက်မြောက်နေ့ အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ MNSP ဒုတိယဥက္ကဌ နိုင်ဟံသာ ဆွေးနွေးနေစဉ်
Photo: Win Naung Toe/RFA

၂၁ ရာစု ပင်လုံညီလာခံ ၃ ရက်မြောက်နေ့ အစည်းအဝေးမှာ မြန်မာနိုင်ငံကို အမည်ပြောင်းလဲဖို့  မွန်ပြည်သစ်ပါတီ MNSP ဒုတိယဥက္ကဌ နိုင်ဟံသာက   ဆွေးနွေးပါတယ်။

အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုပြီး တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ နဲ့  ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့အသီးသီးက အမြင်တွေကို တင်ပြရာမှာ တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်သူ နိုင်ဟံသာက ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

"ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရဲ့အမည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံ ဟု ခေါ်ဆိုရာတွင် မြန်မာနိုင်ငံဟူ၍ဖြစ်စေ ဗမာနိုင်ငံဟူ၍ဖြစ်စေ အင်္ဂလိပ်ဘာသာစကားဖြင့် Burma  သို့မဟုတ် Myanmar ဟူ၍ဖြစ်စေ သုံးနှုန်းခေါ်တွင်ခြင်းသည် ပြည်ထောင်စုနိုင်ငံအတွင်း နေထိုင် လာခဲ့ကြသည့် တိုင်းရင်းသားလူမျိုးများနဲ့ လူမျိုးတမျိုးဖြစ်သည့် ဗမာအမျိုးသားများကိုသာ ရည်ညွှန်းနေ ပါသည်၊ ဗမာ နဲ့ မြန်မာ ဆိုတဲ့ဟာကတော့ အတူတူပဲဆိုတာ အားလုံးလည်းသိကြပါတယ်၊ မြန်မာဆိုတာ ဟိုးအရင်က သုံးနှုန်းတဲ့ဝေါဟာရဖြစ်ပြီးတော့ ဗမာဆိုတာ ဒီနောက်ပိုင်းမှာသုံးနှုန်းတဲ့ ဝေါဟာရဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ အားလုံး၏ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ရန် ထိုတိုင်းရင်းသားလူမျိုးများ အားလုံးကို ကိုယ်စားပြုနိုင်မည့် အမည်နာမအသစ်တစ်ခုကို ဆွေးနွေးသတ်မှတ်သင့်ပါတယ်"

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကိုယ်စား တက်ရောက်ပြောကြားတဲ့ ဗိုလ်ချုပ် စပ်ခွန်ဆိုင်က ဗမာပြည်နယ် ကိုလည်း ဖွဲ့စည်းရမယ်လို့ ဆွေးနွေးခဲ့ပါတယ်။

ဝအမျိုးသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးညီနပ်က ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေး ဖို့  တောင်းဆိုလိုက်သလိုနဲ့ တိုင်းလိုင် ရှမ်းနီပါတီဥက္ကဌ ဦးဌေးအောင်ကလည်း ရှမ်းနီကို ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်။

မနေ့က ညီလာခံကို ဆက်မတက်ဘဲ  ထွက်ခွာသွားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့က သူတို့တင်သွင်းဖို့ ပြင်ဆင်ခဲ့တဲ့ စာတမ်းမှာပါရှိတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ သတ်မှတ်ပေးဖို့ ပါရှိပါတယ်။ ဥပမာအနေနဲ့ တင်ပြထားတာက တူညီတဲ့ဒေသ အတွင်း တူညီတဲ့လူမျိုးစုတစုဟာ လူဦးရေ ၁သိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဦးရေ ၂ သိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းနဲ့  လူဦးရေ ၃ သိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် လျှောက်ထားနိုင်တယ်လို့ စာတမ်းမှာ ပါရှိပါတယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ တအာန်း ဓနု ပအိုဝ်း လားဟူ အာခါ ကိုးကန့်  စတဲ့ လူမျိုးစုတွေကိုလည်း သက်ဆိုင်ရာ သတ်မှတ်ချက်အလိုက်ပေးဖို့ ပါရှိပါတယ်။

၂၁ ပင်လုံညီလာခံမှာ တင်ပြကြတဲ့ ဆွေးနွေးချက်တွေဟာ အမြင်သဘောထားအဆင့်တွေသာဖြစ်ပြီး ညီလာခံအပြီး နောက်ဆက်တွဲ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အခုဆွေးနွေးကြတာတွေကို ဆက်လက်ညှိနှိုင်းကြရ မှာ ဖြစ်ပါတယ်။

ကွန်မင့်များ (6)
Share

မေတြး၀ံ့စရာပါ....

ဘာကြောင့်တပ်မတော်နှင့်အစိုးရသည် ရပ်တည်ချက် သဘောထားတခုတည်း ထပ်တူကျတာလဲဆိုတာကို
စာတမ်းများကို နားထောင်ကြည့်ရှု့ခွင့်
ရပြီးနောက် ရှင်းလင်းစွာနားလည်သိရှိလိုက်ရပါပီ...

လွှတ်ပေးလိုက်ပါက မတွေးဝံ့စရာပါ.....

Sep 05, 2016 01:37 AM

သဘာ၀အက်ဆံုးပါ

အ‌ပေါ် က‌ပြောသလို တပ်‌်‌နှင်‌့်‌ အစိုးရထပ်‌်‌တူ
ကြတာက ဝမ်‌်‌းသာစရာပါ။ ဒါက သဘာဝအကျဆုံး
သ‌ဘောတရားပဲ။

Sep 06, 2016 07:28 AM

နော်စေးဝါး

အခုလို အစွန်းရောက်အမြင်များကို သိလိုက်ရတာ
တိုင်းပြည်အတွက် အရမ်းကို ကံကောင်းပါသည်။

Sep 05, 2016 01:35 AM

စုိးရိမ္မိတယ္...

နိုင်ငံတကာမှာတချိန်က Burma ယခု ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာလို့
နံမည်ကြီးခဲ့တဲ့ဂုဏ်သတင်းကျော်ခဲ့တဲ့ နိုင်ငံ အမည်တောင် ဖျက်ဖို့လုပ်နေတဲ့သဘောထားစိတ်ကူးကိုတွေ့ရတော့
တိုင်းပြည်အတွက်အရမ်းကိုစိုးရိမ်မိပါသည်....

Sep 05, 2016 12:55 AM

အေကာင္းဆံုးကေတာ့

အောက်ကတင်ပြသလို ပြည်နယ်တွေကို ဘာလူမျိုးနံမည်မှ တတ်မနေနဲ့..တိုင်းဒေသကြီးတွေမှည့်သလိုနံမည်ပေးလိုက်..
ဒါမှမဟုတ်မြစ်နံမည်တွေပေးလိုက်၊ဥပမာ.. ရှမ်းပြည်ကို သံလွင်တိုင်း(အရှေ့)၊သံလွင်တိုင်း(အရှေ့တောင်)စသည်
မွန်၊ကရင်ကို ..စစ်တောင်းတိုင်း(အရှေ့)၊စစ်တောင်းတိုင်း
(အနောက်)..အခုက လူမျိုးကြီးစိတ်တွေဝင်ပြီး လူမျိုးနံမည်တွေ တတ်ပြီး တပြည်ထောင် တနိုင်ငံထူထောင်ရေးကို ဦးတည်နေတာ....

Sep 05, 2016 12:51 AM

လူမျိုး နှင့် နိုင်ငံသားကွဲပြားပါစေ

ငယ်၂တုန်းက သမိုင်းသင်ခဲ့ရပါတယ် အင်္ဂလိပ်အုပ်စိုးစဉ်
နှစ်ပေါင်း၁၀၀ကျော် Burma လို့ခေါ်လာပီး မဆလ လက်
ထက်ကြမှ မြန်မာလို့ပြောင်းလိုက်တာပါ၊တနည်းအားဖြင့်
ပြည်ထောင်စုတခုလုံးတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပီး မြန်မာလို့ခေါ်တယ်လို့နားလည်ပါတယ်။ဥပမာ
ရှမ်းလူမျို မြန်မာနိုင်ငံသား။ကရင်လူမျိုး မြန်မာနိုင်ငံသား။ဗမာလူမျိုး မြန်မာနိုင်ငံသားပါ၊ လူမျိုးနဲ့နိုင်ငံသားသဘောတရားကို နားမလည်တာလား၊ နားလည်လွန်ပီး အသစ်အဆန်း
တွေပြောနေတာလား။ သမိုင်းပညာရှင်တွေကတောင် ထိုင်ရှိခိုးရမလိုဖြစ်နေပီ။

Sep 02, 2016 11:04 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့