KBZ ဘဏ်ပိုင်ရှင်ရဲ့သမီးဖြစ်သူ နန်းလိုင်ခမ်း ရန်ကုန်လေဆိပ်မှာ သံသယနဲ့စစ်ဆေးခံရ

2022.05.10
KBZ ဘဏ်ပိုင်ရှင်ရဲ့သမီးဖြစ်သူ နန်းလိုင်ခမ်း ရန်ကုန်လေဆိပ်မှာ သံသယနဲ့စစ်ဆေးခံရ ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ရဲ့သမီး နန်းလိုင်ခမ်း ကို တွေ့ရစဉ်
Photo: KBZ Bank

မြန်မာနိုင်ငံရဲ့ အကြီးဆုံးဘဏ်တစ်ခုဖြစ်တဲ့ ကမ္ဘောဇ KBZ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ရဲ့သမီးဖြစ်သူ နန်းလိုင်ခမ်း ဟာ မေလ ၈ ရက်နေ့က ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ကို အသွား မင်္ဂလာဒုံ လေဆိပ်မှာ စစ်ဘက်အရာရှိတွေရဲ့ နှစ်နာရီကြာ ခေါ်ယူစစ်ဆေး တာကို ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘဏ်အရာရှိတွေ၊ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နန်းလိုင်ခမ်းဟာ မေလ ၈ ရက် မနက် ၇ နာရီလောက်က မင်္ဂလာဒုံလေဆိပ် နားနေဆောင် မှာ လေယာဉ်စောင့်ဆိုင်းနေစဉ် လေဆိပ်မှာရှိတဲ့ စစ်ဘက်ရေးရာအရာရှိအဖွဲ့က နှစ်နာရီ ကြာတဲ့အထိ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကမ္ဘောဇဘဏ်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး အချက်အလက်ဖြည့်တာမှာ လိုအပ်ချက်ရှိတာရယ်၊ အပြန်လေယာဉ်လက်မှတ် မပါတာရယ်ကြောင့်ပေါ့နော်၊ အဲဒါတွေမပါတော့ ခေါ်ပြီး မေးတဲ့သဘောပါပဲ"

အဲဒီလို စစ်ဆေးမှုကြောင့် မနက် ၈ နာရီ ဘန်ကောက်ထွက်မယ့် လေယာဉ်ကို အချိန် မမီတော့ဘဲ နောက်တစ်ရက် မေလ ၉ ရက်နေ့ကျမှ ခရီးထွက်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

RFA က လက်ခံရရှိထားတဲ့ စာတစ်စောင်မှာတော့ KBZ ဘဏ်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ နန်းလိုင်ခမ်း ဟာ မေလ ၈ ရက်နေ့က လေဆိပ်ကောင်တာနဲ့ လဝကကောင်တာတွေမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ နိုင်ငံကူးလက်မှတ်ကို ပြသအစစ်ဆေးခံပြီး လေယာဉ် ထွက်ခွာမယ့်အခန်းမှာ စောင့်ဆိုင်းနေချိန် လေဆိပ်တာဝန်ကျ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိ ဗိုလ်မှူး ကျော်မြတ်လင်းက ခေါ်ယူစစ်ဆေးခဲ့တဲ့ကိစ္စဟာ မဖြစ်သင့်ကြောင်း မင်္ဂလာဒုံလေဆိပ်ရှိ AIR KBZ နဲ့ MAI VVIP SERVICES အထွေထွေမန်နေဂျာ ဒေါ်ခင်စိုးဝင်း က နန်းလိုင်ခမ်းရဲ့ ဖခင်ဖြစ်သူ KBZ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ထံ စာရေးတင်ပြထား တာ တွေ့ရပါတယ်။

သူ့ကို ဘာ့ကြောင့် လေဆိပ်မှာ စစ်ဘက်ရေးအရာအရာရှိအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့သလဲ ဆိုတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရပါဘူး။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုထဲမှာ ပါဝင်တဲ့ KBZ Group ရဲ့နာယက ဦးအောင်ကိုဝင်းရဲ့ သမီးဖြစ်သူ နန်းလိုင်ခမ်းဟာ အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး နိုင်ငံအနှံ့ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက် နေသူ ဖြစ်ပါတယ်။

အသက် ၃၀ ကျော်သာရှိသေးတဲ့ နန်းလိုင်ခမ်း ဟာ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင် အဖြစ် နိုင်ငံတကာက အသိအမှတ်ပြု ခံထားရသူဖြစ်သလို ပြည်တွင်းပြည်ပ စီးပွားရေးနဲ့ လူမှုရေး ထူးချွန်ဆုတံဆိပ်တွေလည်း ချီးမြင့်ခံထားရပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ်တည်ထောင်သူ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင် ကတော့ NLD အစိုးရလက်ထက် ဝန်ကြီးတွေနဲ့ပူးပေါင်းပြီး နိုင်ငံတော်ဘဏ္ဍာငွေကို နစ်နာအောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၂၆ ရက်နေ့က ဖမ်းဆီးခံထားရပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် နောက်တစ်ဦးဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟ တို့ ရှေးဟောင်းအဆောက်အအုံတွေကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်ဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။