နိရဉ္စရာ သတင်းရုံးခန်းကို စစ်ကောင်စီတပ် ရှာဖွေနေလို့ ယာယီရပ်နားမယ်လို့ ပြော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနရုံးခန်းကို မေလ ၇ ရက် ဒီနေ့မနက် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေလာတဲ့အတွက် သတင်းထုတ်လုပ်မှုတွေ ယာယီရပ်နားထားရတယ်လို့ နိရဉ္စရာသတင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီခွဲခန့်က စစ်တွေမြို့၊ မကျည်းမြိုင်မှာရှိတဲ့ နိရဉ္စရာသတင်းဌာရဲ့ ရုံးခန်းအဟောင်းကို ရဲ၊ စရဖ နဲ့ အရပ်ဝတ်တွေ ပါဝင်တဲ့ လူတစ်စုက ဝင်ရောက်ရှာ‌ဖွေ လာခဲ့တာလို့ နိရဉ္စရာ သတင်းဌာန က တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပြပါတယ်။

"အဲဒီရုံးခန်းက ပြီးခဲ့တဲ့လက အပ်လိုက်တာ။ ကျနော်တို့က တခြားနေရာ ရောက်သွား ပြီလေ။ ရုံးခန်းက အမိုးပြင်နေချိန်မှာ အလုပ်သမားလေးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့တာလို့ ပြောပါတယ်။ အခုကတော့ ဘယ်အချိန်အထိ ရပ်နားထားမယ်ဆိုတာက ပြောလို့မရသေးဘူး။ အခြေအနေတစ်ခုကို စောင့်ကြည့်ရမှာပေါ့လေ"

နိရဉ္ဇရာသတင်းဌာနဟာ မေလ ၆ ရက် မနေ့က စစ်တွေမြို့ရဲစခန်းမှာ အမှုဖွင့်ခံထားရ တယ်လို့ သိထားရပေမယ့် ဘာအမှုနဲ့ ဘာကြောင့်အမှုဖွင့်ခံထားရတယ်ဆိုတာ မသိရ သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း နိရဉ္စရာသတင်းဌာနနဲ့ Western News သတင်းဌာန တို့ကို စစ်ကောင်စီတပ်က စစ်တွေမြို့ပေါ်မှာ လိုက်လံရှာဖွေခဲ့ပါတယ်။

အဲဒီနောက် Western News သတင်းဌာနကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ဇန်နဝါရီလမှာ တရားစွဲဆိုထားပြီး နိရဉ္စရာ သတင်းဌာနကိုတော့ အခုလို လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။