အမေရိကန်နိုင်ငံ အမျိုးသားအာကာသနဲ့ လေကြောင်းသုတေသနဌာန NASA က မြန်မာနိုင်ငံဖွား သိပ္ပံရှင်ဒေါက် တာ ပဒေသာတင်နဲ့ အဖွဲ့ဆောင်ရွက်တဲ့ သုတေသနကို ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးသုတေသနအဖြစ် NASA က ဒီကနေ့ ဆုချီးမြှင့်မှာဖြစ်ပါတယ်။
ဒေါက်တာပဒေသာတင်နဲ့ အဖွဲ့ဆောင်ရွက်တဲ့ သုတေသနဟာ ဆယ်လူလာကင်မရာနဲ့ ရုပ်မြင်သံကြား မှန်သားပြင် မှာ အသုံးပြုတဲ့ ပုံဆောင်ခဲအရည်ရဲ့ သဘောသဘာဝကို ကမ္ဘာမှ မိုင်၂၅၀ကျော်ဝေးတဲ့ အာကာသသုတေသန စခန်းကို ပို့ပြီး လေ့လာခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ ရုူပဗေဒ သုတေသန ဖြစ်ပါတယ်။ ဆုပေးပွဲလာတက်တာနဲ့ ပတ်သက်ပြီး ဒေါက်တာပဒေသာကခုလိုပြောပါတယ်။
"မနှစ်ကလုပ်တဲ့အထဲမှာ ကျနော်နဲ့တွဲပြီးတော့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်က ပါမောက္ခပရော်ဖက်ဆာ နိုဝယ်လ်ကလပ်ရယ် ပြီးတဲ့အခါကျတော့ မတ်တစ်ဘတ်ယူနီဗာစီတီ ဂျာမနီ ကရယ် ပြီးတော့ကျနော်ရယ် တွဲပြီးလုပ်တဲ့သုသေသနကို သူတို့အကောင်းဆုံးရုပ်ပိုင်းဆိုင်ရာ သုသေသနအနေနဲ့ သတ်မှတ်ပါတယ်၊ ပြီးတဲ့အခါကျတော့ လုပ်ခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးတော့ မနှစ်ကလုပ်ခဲ့တဲ့အတွက် ဒီနှစ်အဖွဲ့တစ်ခုလုံးကို ချီးမြှောက်တဲ့အနေနဲ့ Group Award အနေနဲ့ ကျနော်တို့ခေါင်းဆောင်ပြီးတော့ ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲလာတက်တာပါ "
ဒေါက်တာပဒေသာဟာ အမေရိကန်နိုင်ငံ အမျိုးသားအာကာသ နဲ့ လေကြောင်းသုတေသနဌာန NASA မှာ နှစ်ပေါင်း ၂၀ကျော် အကြီးတန်းသုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဆုပေးပွဲကို ဝါရှင်တန် ဒီစီမြို့ နာဆာဌာနမှာ ဒီကနေ့ ကျင်းပမှာ ဖြစ်ပါတယ်။
ဒေါက်တာပဒေသာတင် ကို ဦးတင်အောင်ခိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
