နတ်တလင်းမြို့နယ် ရေကြည်ရွာသား သုံးဦး ပစ်သတ်ခံရ

ပဲခူးတိုင်း (အနောက်ပိုင်း)၊ နတ်တလင်းမြို့နယ် ရေကြည်ရွာက အမျိုးသား သုံးဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်တာခံလိုက် ရတယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် တစ်နာရီခွဲဝန်းကျင်က သူတို့သုံးဦးဟာ PDF တွေလို့ စွပ်စွဲပစ်သတ်ခံရပြီး မတ်လ ၃ ရက်မှာ အလောင်းတွေ့ခဲ့ရတာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့နေတဲ့ ကုန်းလေးကို လမ်းကြောက ဝိုင်းပြီးဝင်စီးတဲ့သဘော။ သူတို့ကို ပတ်လည်ဝိုင်းထားတော့ ဘယ်မှလည်း မထွက်တတ် မပြေးတတ်ပေါ့။ အဲလို ဖြစ်တဲ့အခါမှာ အကုန်လုံး ထွက်ပြေးတဲ့သူက ပြေးပေါ့။ အဲမှာ သူတို့ကို ပစ်သတ်လိုက်ကြတယ်"

ရေကြည်ရွာသားတွေဖြစ်တဲ့ အသက် ၅၀ နှစ်ခန့်ရှိ ဦးဌေးနဲ့ အသက် ၂၇ နှစ်ခန့်ရှိကြတဲ့ ကိုအောင်လေး၊ ကိုအောင်ကိုဦးတို့ ဖြစ်ကြပြီး သူတို့ရဲ့ခြေထောက်တွေ ဦးခေါင်း တည့်တည့်တွေမှာ ပစ်သတ် ခံထားရတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ရွာသားက ပြောပါတယ်။

အဲဒီ ရွာသားတွေဟာ တောတောင်တွေထဲမှာ သစ်၊ ဝါးခုတ် လုပ်ကိုင်စားသောက် နေကြသူတွေဖြစ်ကြပြီး PDF အဖွဲ့တွေနဲ့ ပတ်သက်မှု မရှိဘူးလို့ နတ်တလင်း PDF အဖွဲ့ဘက်က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်တွေက Phoenix D F (နတ်တလင်း PDF) ၊ ဇီးကုန်း PDF ပူးပေါင်းအဖွဲ့ တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပဲခူးရိုးမအနီး တောင်ညို၊ စမ်းကြီး၊ ရေနောက် စတဲ့ရွာတွေအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးခဲ့တယ် လို့လည်း နတ်တလင်း PDF က ပြောပါ တယ်။

အဲဒီ တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက နတ်တလင်းမြို့ အရှေ့ပိုင်း ပဲခူးရိုးမအနီး ရွာတွေက သစ်ဝါးလုပ်သူတွေကို လုပ်ခွင့်မပေးတော့ဘဲ မောင်းထုတ်နေတယ် လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။