ခုခံစစ် နှစ်နှစ်အတွင်း နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်ခဲ့ကြောင်း NUG ယာယီသမ္မတပြော
2023.09.07
စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ စက်တင်ဘာလ ၇ ရက် ဒီနေ့မှာ နှစ်နှစ်ပြည့်ခဲ့ပြီး ဒီနှစ်နှစ်အတွင်း စစ်ရေးအရ အောင်မြင်မှုတွေရလာသလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
“စစ်ရေးအရ အောင်မြင်မှုတွေ တစ်စထက် တစ်စ အောင်မြင်မှုတွေ ပိုမိုရှိလာနေတာကို လည်း အနီးစပ်ဆုံး အချိန်က တိုက်ပွဲများရဲ့ ရလဒ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မှာ ဖြစ်ပါတယ်။ ရန်သူ စစ်အုပ်စု အတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော် မှာ ပင်လျှင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေး ရဲဘော်တွေက စွမ်းဆောင်ပြနိုင် နေပြီ ဖြစ်ပါတယ်”
ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး စတဲ့ ကဏ္ဍစုံမှာလည်း အဘက်ဘက်က ပြိုလဲကျဆုံးနေတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နေပြည်တော်ကောင်စီ နယ်မြေထဲ မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး လက်ရှိမှာ လုံခြုံမှုရရှိအောင် ဆောင်ရွက်ထားပြီလို့ ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ခုခံစစ်ဒုတိယနှစ် (၂၀၂၂-၂၀၂၃) အတွင်း နေပြည်တော်အပါအဝင် တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်းတို့မှာ စစ်ဆင်ရေးနယ်မြေတွေ တိုးချဲ့ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ ခုခံစစ် နှစ်နှစ်ပြည့် အစီအရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကိုင်း၊ ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တွေ အပါအဝင် မကွေးတိုင်း မြောက်ပိုင်း တို့ မှာတော့ နယ်မြေစိုးမိုးထိန်းချုပ်မှု အားကောင်းအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း၊ တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းထားနိုင်ခဲ့ပြီလို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။