နေပြည်တော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၇ ရက် မနေ့ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခံရတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။


မနေ့က ညနေ ၅ နာရီခွဲလောက် လူနှစ်ဦး ဆိုင်ကယ်ပေါ်ကနေ ရုံးထဲကို လက်ပစ်ဗုံးနဲ့ လှမ်းပစ်ခဲ့တာလို့ ကိုယ်တိုင် တွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။


"ဗုံးနဲ့ ရပ်ကွက်ရုံးထဲကို လှမ်းပစ်တာ၊ ဒါပေမဲ့ ဗုံးကကွဲမသွားဘူး၊ အဲဒီနောက်ပိုင်း ရဲကားတွေလည်း အများကြီးပဲ ရပ်ကွက်ထဲပတ်နေတာ၊ အဲဒါကြောင့် ညက ရပ်ကွက်ထဲကဆိုင်တွေလည်း စောစောပိတ်ကြတယ်၊ ညနက်တဲ့အထိ မဖွင့်ရဲကြဘူး" လို့ ဒေသခံကဆိုပါတယ်။


ည ၇ နာရီလောက်မှာတော့ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးကို စစ်ကောင်စီတပ်သားတွေ လာရောက်ရှင်းလင်းခဲ့ပြီး သက်မဲ့ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပစ်ဗုံးလာပစ်သွားတဲ့သူတွေကို သိနိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီးက နေအိမ်တစ်အိမ်ရဲ့ CCTV မှတ်တမ်းတွေကတဆင့် စစ်ဆေးရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။


ရွှေကြာပင်ရပ်ကွက်ဟာ နေပြည်တော်ရဲ့အတွင်းပိုင်း အချက်အခြာကျတဲ့နေရာမှာတည်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲ ကာလက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်သူတွေနဲ့ ကွင်းဆင်းတွေ့ဆုံခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွန်းလှန်ဖို့ ကြေညာပြီးတဲ့နောက်ပိုင်း နေပြည်တော်မှာ အရင်ထက်လုံခြုံရေး ပိုတင်းကျပ်ထားပါတယ်။