ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဦးဆောင် ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင်သုံးဦးကို မေလ ၆ ရက် ဒီနေ့မှာ ပုသိမ် ထောင်တွင်းတရားရုံးက အများပြည်သူ အကျိုးပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ထောင် နှစ်နှစ်စီ အသီးသီးချမှတ် လိုက်တယ်လို့ မိသားစုနဲ့ နီးစပ် သူတွေက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ ကိုစိုးဝင်း၊ ကိုမင်းထွဋ်သွင်နဲ့ ကိုငုံးဥတို့ဖြစ်ပြီး အချိန်တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရပြီးနောက် ဒီနေ့ အမိန့်ချခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ဒီနေ့ အမိန့်ချလိုက်တာ ဟုတ်ပါတယ်။ အဖမ်းခံထားရတာ တစ်နှစ်ကျော်နေပါပြီ။ အခု နှစ်နှစ် အမိန့်ချလိုက်တော့ ကိုစိုးဝင်းကတော့ ပြန်လွတ်ဖို့ နီးပြီ။ ကျန်တဲ့ နှစ်ယောက်ကတော့ တခြားအမှုတွေနဲ့ ထောင်ချထားတာရှိတော့ ဆက်နေရဦးမှာပေါ့။ စစ်ကောင်စီပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်လည်း မမျှော်လင့်ပါဘူး။ မတရား ဖမ်းဆီးထောင်ချခံထားရတာ ကျေနပ်စရာမှ မရှိတာ"
သူတို့သုံးဦးဟာ ပိုးလောင်းကျေးရွာ၊ ငါးပြေမကျေးရွာတွေကဖြစ်ပြီး ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ စစ်အာဏာသိမ်းမှုကို မကျေမနပ်ဖြစ်ရာကနေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးနောက် ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။
သူတို့သုံးဦးထဲက ကိုမင်းထွဋ်သွင်နဲ့ ကိုငုံးဥတို့ဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၂၅ နဲ့ ကနဦး ထောင် နှစ်နှစ်စီ ချမှတ်ခံထားရတဲ့အတွက် အခုဆိုရင် စုစုပေါင်း ထောင်လေးနှစ် ကျခံရမှာ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀,၅၃၅ ဦး၊ ထောင်ဒဏ် ချမှတ်ခံထားရသူ ၁၀၃၉ ဦးနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁၉၇၇ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။