ဖလမ်းမြို့နယ်ထဲ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရလို့ ကိုးယောက်သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့နယ်ခွဲက စစ်ကောင်စီစခန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF နဲ့ ပူးပေါင်းအဖွဲ့က မတ်လ ၅ ရက် မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ကိုးယောက် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ပြောပါတယ်။

မတ်လ ၅ ရက် မနက်ပိုင်းမှာ ရိခေါဒါရ်မြို့နယ်ခွဲ အမှတ် ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်က စစ်ကောင်စီစခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ခြောက်နာရီ နီးပါးလောက်မှာ အမှတ် ၂ ရပ်ကွက်ဘက် တပ်စခန်း ယူထားတဲ့ နေရာကို စပစ်တယ်။ စစ်ကောင်စီဘက်က ငါးယောက်တော့ ကျတယ်။ မနက် ၈ နာရီ လောက်ကျတော့ စစ်ကောင်စီ စခန်းကို CNDF နဲ့ ပူးပေါင်းအဖွဲ့တွေ ထပ်တိုက်တယ်။ အဲဒီမှာ စစ်ကောင်စီဘက်က လေးယောက်ကျတယ်"

CNDF ဘက်က ထိခိုက်သူ မရှိခဲ့ဘူးလို့ ဆိုထားသလို အဲဒီတိုက်ပွဲ‌တွေကြောင့် ရိခေါဒါရ်နေ ဒေသခံ နှစ်ထောင်ခန့်ဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ CNO က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ထိခိုက်၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစား နေပါတယ်။

ဒီမတိုင်ခင် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ဖလမ်းမြို့ကို တက်လာတဲ့ စစ်ကား ၃၀ ပါ စစ်ကောင်စီ ယာဉ်တန်းနဲ့ CNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ CNDF ပူးပေါင်းတပ်တို့ဟာ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ၊ ထိတွေ့မှု ငါးကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၄၀ ခန့်နဲ့ CNDF ပူးပေါင်းတပ်ဘက်က သေဆုံးသူ နှစ်ယောက်ရှိခဲ့တယ် လို့ CNO က ထုတ်ပြန်ထားပါတယ်။