၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ဟာ မိမိတို့ရဲ့ပိုင်ဆိုင်မှုစာရင်းတွေကို စစ်ဆေးခံနိုင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်းတွေအပြင် ဇနီး၊ ခင်ပွန်း၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ စစ်ဆေးခံရ မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျင်းပတဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီအစည်းအဝေးဖွင့်ပွဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ကျမတို့ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တဲ့နေရာမှာ အရင်တုန်းကမလုပ်ဖူးတဲ့ မထားဖူးတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေ ထားမှာဖြစ်ပါတယ်၊ ဥပမာအားဖြင့်ဆိုလို့ရှိရင် ကိုယ်စားလှယ်များ အားလုံးဟာ မိမိတို့ရဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ ဇနီးခင်ပွန်းများရဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်း၊ မိမိတို့ရဲ့ ၁၈ နှစ်အောက် သားသမီးများနာမည်နဲ့ရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်"
ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့အခါ ရွေးကောက်ပွဲပြီးနောက် တိုင်းပြည်အကျိုးအတွက် ဘယ်လောက် များ တာဝန်ထမ်းဆောင်ပေးနိုင်သလဲဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်အပေါ် အခြေခံရွေးချယ်သွား မှာဖြစ်ပြီး ရွေးချယ်တဲ့အခါ ပါတီဝင်တွေသာမကပဲ အပြင်ကအရည်ချင်းရှိပြီး တိုင်းပြည်အကျိုး အလုပ်အကျွေးပြုလို သူတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတည်ငြိမ်မှုရှိရေးဟာ အရေးကြီးကြောင်းနဲ့ နိုင်ငံ တည်ငြိမ်မှု မရှိဘူးဆိုပြီး ရွေးကောက်ပွဲလမ်းလွဲသွားမှာကို မဖြစ်စေချင်ကြောင်း ပါတီဝင်တွေနဲ့ ပြည်သူလူထုကို အသိပေးလိုကြောင်း ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။