ကချင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ဦးမြသိန်းလွတ်ရက်စေ့လို့ မေလ ၁ ရက်နေ့ မနေ့က မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လွတ်လာပြီလို့ ကချင်ပြည်နယ် NLD ပါတီတာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"ပြည်နယ်ပါတီဥက္ကဋ္ဌက အာဏာသိမ်းတဲ့ညက ပြည်နယ် NLD ရုံးမှာအဖမ်းခံခဲ့ရတာ။ အမှုနှစ်မှုအတွက် ထောင်ဒဏ်တစ်နှစ်နဲ့သုံးလ ကျခံရတာ။ မနေ့ကလွတ်ရက်စေ့ပြီး ပြန်လွတ်လာပြီ"လို့ ကချင်ပြည်နယ် NLD ပါတီကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ၂၅ နဲ့ထောင်ဒဏ်တစ်နှစ်၊ ကွန်ပျူတာကိုင်ဆောင်မှုနဲ့ထောင်ဒဏ် သုံးလချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဦးမြသိန်းဟာ ၂၀၁၅ခုနှစ်မှာ ကချင်ပြည်နယ်ရွှေကူမြို့နယ်ကနေ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပြီးနောက် ကချင်ပြည်နယ်၊ လယ်ယာစိုက်ပျိုးရေးနဲ့ဆယ်မြောင်းဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူပါ။၂၀၁၈ခုနှစ် ပြည်နယ်အစိုးရအပြောင်းအလဲမှာ သူအနားပေးခံခဲ့ရပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် အပါအဝင်ဝန်ကြီး (၇)ယောက်ကို မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ၂၅ ၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)တွေနဲ့ တရားစွဲဆို အမိန့်ချထားပြီး ဖြစ်ပါတယ်။