တောင်တွင်းကြီး NLD အမတ် ဦးဝင်းမြင့်လှိုင် ထောင် သုံးနှစ်ချခံရ

ဖမ်းဆီးခံထားရတဲ့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ဟာ ပုဒ်မ ၅၀၅ (က) နဲ့ စွပ်စွဲခံရပြီး မတ်လ ၁၄ ရက် မနေ့က ထောင်သုံးနှစ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မကွေးတိုင်း၊ ဒေါင်းနေထောင်တွင်း တရားရုံးကနေ ခုလိုအမိန့်ချမှတ်ခံလိုက်ရတာဖြစ်ပြီး စစ်ကောင်စီက ဦးဝင်းမြင့်လှိုင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ငါးခုထဲက ပုဒ်မ တစ်ခုဖြစ်တဲ့ ၅၀၅ (က) နဲ့ အမိန့်ချခံလိုက်ရတာပါ။

လက်ရှိ အမိန့်ချလိုက်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဟာ ဘယ်သူမဆို ထိတ် လန့်စေဖို့ ရည်ရွယ်ပြီး မမှန်သတင်းဖြန့်ရင်၊ အစိုးရဝန်ထမ်းတွေကို ပြစ်မှုကျုးလွန်စေဖို့ လှုံ့ဆော်ရင်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး အများဆုံး ထောင် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

ဦးဝင်းမြင့်လှိုင်ကို စစ်ကောင်စီက နောက်ထပ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ ပေါက်ကွဲ အက် ဥပဒေတွေနဲ့ တရားစွဲဆိုထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပြပြီး အသေးစိတ်ကိုတော့ RFA အနေနဲ့ မသိရှိရသေးပါဘူး။

အသက် ၅၂ နှစ်ရှိ ဦးဝင်းမြင့်လှိုင်ဟာ သွေးတိုးရောဂါ အခံရှိသူဖြစ်ပြီး လက်ရှိမှာတော့ တစ်ပတ်ကို တစ်ကြိမ် ရုံးချိန်းသွားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်တွင်းကြီးမြို့က သူ့ရဲ့ နေအိမ်ကိုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၉ ရက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်ထားလိုက်တယ်လို့ သူက ဆိုပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၈ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက် မြို့အဝင်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၆၈၆ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ လွှတ်တော်အမတ် ၁၀၇ ယောက် ပါဝင်နေတယ်လို့ NLD ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စာရင်းတွေအရ တွေ့ရပါတယ်။