ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းခံထားရတဲ့ ပါတီဝင် ၆၄၅ ဦးရှိကြောင်း NLD ထုတ်ပြန်

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် မတ်လ ၁၄ ရက်နေ့ထိ တစ်နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် တစ်နိုင်ငံလုံးက NLD ပါတီဝင် ၈၃၂ ဦး အဖမ်းခံခဲ့ရတယ်လို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ လုပ်ငန်းကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံးမှာ မတရားအဖမ်းခံရသူ ၁၃၀၀၀ ခန့် ရှိတဲ့အနက် NLD ပါတီဝင် ၈၃၂ ဦး ပါဝင်ပြီး အဲဒီအထဲက ၁၇၁ ဦးကတော့ ပြန်လည်လွတ်မြောက်လာတဲ့အတွက် NLD က ၆၄၅ ဦးကတော့ ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကျန်နေတဲ့အထဲမှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ ဥက္ကဋ္ဌတွေ ဖြစ်ကြတဲ့ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၉၂ ဦးပါဝင်ကြောင်း၊ ၁၆ ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်မှာ ညှဥ်းပန်းနှိပ်စက်ခံရတာနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံနေရတဲ့ ကာလအတွင်းနဲ့ ပြန်လွတ်ပြီးမကြာခင်မှာ သေဆုံးခဲ့ရသူတွေထဲမှာ ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်၊ အတွင်းရေးမှူး ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူတို့ ပါဝင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ ပါတီရုံးချုပ်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးရုံးတွေဟာ စုစုပေါင်း ၉၈ ကြိမ် ဖောက်ခွဲ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပါတီဝင်တွေရဲ့ နေအိမ်၊ အဆောက်အအုံတွေလည်း အကြိမ်ကြိမ် ဝင်ရောက်ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

NLD ပါတီက ရရှိထားတဲ့ စာရင်းတွေအရ လွှတ်တော်ကိုယ်စားလှယ် ၉၃ ဦး အပါအဝင် စုစုပေါင်း ပါတီဝင် ၁၅၅ ဦးရဲ့ နေအိမ်နဲ့ အခြားပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံခဲ့ရသလို ပါတီဝင် မဟုတ်တဲ့ ပြည်သူတွေရဲ့အိမ် ချိပ်ပိတ်ခံရမှုက လည်း ၁၁၅ ကြိမ် ရှိပြီလို့ ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ NLD ပါတီကို ဦးတည်ပြီး ဖမ်းဆီး နေတာ မဟုတ်ဘဲ ဆန္ဒပြမှုတွေ၊ NUG ၊ CRPH နဲ့ ပတ်သက်သူတွေကိုသာ အဓိကဖမ်းဆီးတာ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။

NLD ပါတီက အဖမ်းခံထားရသူအများစုဟာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်တဲ့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ - ၁၂၂၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ - ၅၅၊ မတရား အသင်းဆက်သွယ်မှုပုဒ်မ-၁၇ (၁)၊ ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ - ၅၀၅ (က)၊ (ခ) နဲ့ သဘာဝဘေးပုဒ်မ - ၂၅ စတဲ့ ပုဒ်မမျိုးစုံနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။