NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ လူငယ်တစ်ဦး ထောင်သုံးနှစ် ချမှတ်ခံရ

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိမ်း၊ ဦးစိုးလေးနဲ့ ရခိုင်ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ဟာ မေလ ၁၂ ရက် မနေ့က မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

အခုလို အမိန့်ချမှတ်ခံရတာကို မကျေနပ်တဲ့အတွက် အထက်တရားရုံးကို အယူခံလျှောက်ဖို့ စီစဉ်နေတယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။

“ဦးဘမျိုးသိမ်း၊ ကိုစိုးလေးနဲ့ ရခိုင်က ကိုဟိန်းမင်းထက်တို့ သုံးယောက်ပေါ့။ အကြမ်းဖက် တွေနဲ့ ဆက်သွယ်တယ်၊ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ပုဒ်မ-၁၇ (၁) နဲ့ မနေ့က အင်းစိန်ထောင် အထူးတရားရုံးကနေပြီးတော့ ထောင် သုံးနှစ်စီ ချလိုက်တယ်။ ဒဏ်ငွေက ငါးထောင် ပါသေးတယ်။ အလုပ်တော့ မပါဘူး။ သူတို့ အတွက်တော့ အယူခံဝင်သွားဖို့ ရှိတယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလမှာ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်မှာ ရုံးတက်နေတဲ့ ပါတီဗဟိုကော်မတီဝင်တွေလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဖြစ်သူ ဦးဘမျိုးသိမ်းနဲ့ ဦးစိုးလေးတို့ကို စစ်တပ်လုံခြုံရေး အဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

သူတို့နဲ့အတူ ရှိနေတဲ့ ရခိုင်ပြည်နယ် NLD လူငယ် လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက် လည်း အတူတူ အဖမ်းခံခဲ့ရပြီး ကိုဟိန်းမင်းထက်ရဲ့ အစ်မဖြစ်သူ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်ဟာလည်း ၂၀၂၁ ခုနှစ် မေလထဲမှာ လှိုင်သာယာမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်သုံးနှစ် ချမှတ်ခံထားရပါတယ်။

ဦးဘမျိုးသိမ်း၊ ဦးစိုးလေးနဲ့ ကိုဟိန်းမင်းထက်တို့ မေလ ၈ ရက်နေ့မှာ အဖမ်းခံရပြီး မေလ ၉ ရက်နေ့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ဟာလည်း ရန်ကုန်မြို့၊ လှည်းတန်းမှာ ဖမ်းဆီးခံရပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နဲ့ အမှုဖွင့်ခံထားရပါတယ်။

ဦးဘမျိုးသိမ်းဟာ ၈၈ မျိုးဆက် နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ရန်ကုန်တိုင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော်မှာ တောင်သူ လယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ဦးစိုးလေးကတော့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် တောင်သူ လယ်သမားရေးရာ ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

NLD ပါတီရဲ့ မေလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်တပ်အာဏာသိမ်းချိန်ကနေ မေလ ၅ ရက်နေ့အထိ NLD ပါတီဝင် ၉၁၇ ဦး အဖမ်းခံခဲ့ရပြီး လက်ရှိအချိန်အထိ ၇၀၁ ဦး အထိန်းသိမ်း ခံနေရဆဲဖြစ်ကြောင်း၊ အဲဒီထဲမှာ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး ကွယ်လွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။