၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အင်န်အယ်လ်ဒီပါတီ၊ ရှမ်းတိုင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကို ကျားခေါင်းပါတီ က ကန့်ကွက်ထားတာကို ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ဒုတိယအကြိမ် ကြားနာစစ်ဆေးခဲ့ပါတယ်။
ကျားခေါင်းပါတီ ကိုယ်စားလှယ်ရဲ့ ကန့်ကွက်မှုကို ဇန်နဝါရီလ ၁၀ ရက်နေ့က ပထမအကြိမ် ကြားနာခဲ့ပြီး စာရွက်စာတမ်းတွေ တင်သွင်းထားတာကို နောက်ထပ် ရုံးချိန်း လေးချိန်းမြောက်လောက်မှာ သက်သေတွေ စတင်စစ်ဆေးနိုင်မယ်လို့ သိရပါတယ်။
ကျားခေါင်းပါတီ SNLD က ဒေါ်နန်းထွေးမှုံက အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်က သတင်းမီဒီယာတစ်ခုမှာ ရွေးကောက်ပွဲအသုံးစရိတ် ငွေကျပ် ၈၅ သိန်းသုံးထားတယ်ပြောပေမယ့် တိုင်းကော်မရှင်မှာ တင်ပြထားတဲ့ ငွေကျပ် ၅၅ သိန်းနဲ့ ကွာဟနေတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲယှဉ်ပြိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အသုံးစရိတ် သိန်းတစ်ရာထက် ကျော်လွန် သုံးစွဲခွင့်မရှိဘူးလို့ ရွေးကောက်ပွဲဥပဒေတွေမှာ ပြဌာန်းထားပါတယ်။
မဲရုံ ကိုယ်စားလှယ်တွေ ကန့်ကွက်နေတဲ့ကြားက ရှမ်းတိုင်းရင်းသား မဟုတ်သူတွေကို မဲထည့်ခွင့်ပေးတာတွေ၊ မဲရုံကိုယ်စားလှယ်က ပါတီအမှတ်တံဆိပ်တပ်ပြီး မဲရုံမှာ လာစောင့်နေတာတွေ၊ ငွေစားရင်း မမှန်မကန်လုပ်တာတွေနဲ့ ငွေစားရင်း ဘောက်ချာတွေမှာ အခွန်တံဆိပ်ခေါင်း မပါတာတွေကို တိုင်ကြားထာတာလို့ ဒေါ်နန်းထွေးမှုံက ပြောပါတယ်။
လာမယ့် ၂၂ ရက်နေ့မှာ ဒီကိစ္စအတွက် ထပ်မံချိန်းဆိုထားကြောင်းနဲ့ ကော်မရှင်အနေနဲ့ တရားမျှတစွာဆုံးဖြတ်မယ်လို့ယုံကြည်ကြောင်းလည်း ပြောပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။