အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် ကို အန်အယ်လ်ဒီပါတီကလည်း စစ်ဆေးပြီး အရေးယူတာတွေ ဆက်လုပ်သွားမယ်လို့ NLD ပါတီ သတင်းပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် က ပြောပါတယ်။
ဒေါက်တာ လဲ့လဲ့မော်က အဂတိလိုက်စားမှုတွေရှိခဲ့တယ်ဆိုပြီး စတင်တိုင်ကြားသူတွေကို ပါတီက ဦးစွာစစ်ဆေး ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တင်ပြခဲ့တာဖြစ်ပြီး ကော်မရှင်က စစ်ဆေးနေစဉ် ကာလမှာ ပါတီအနေနဲ့ တစ်စုံတစ်ရာ ဆောင်ရွက်တာမရှိဘဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်ကို စောင့်ကြည့်ခဲ့တာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
အန်အယ်လ်ဒီပါတီက ပါတီဝင်တွေကို အရေးယူဆောင်ရွက်တာတွေထဲမှာ နှုတ်နဲ့သတိပေးတာ၊ စာနဲ့သတိပေးတာ၊ ပါတီတာဝန်တွေကို ရပ်စဲတာနဲ့ ပါတီက ထုတ်ပယ်တာတွေကို အဆင့်ဆင့်လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဒေါက်တာလဲ့လဲ့မော်အပြင် အဂတိလိုက်စားမှုတွေမှာ အားပေးအားမြှောက်ပြုတယ်ဆိုတဲ့ စွဲချက်နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ဦးကိုလည်း ပုဒ်မ ၅၅/၆၃ နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး သူတို့ လေးဦးကို ထားဝယ်အကျဉ်းထောင်မှာ ထိန်းသိမ်းကာ လာမယ့် မတ်လ ၂၅ရက်နေ့မှာ ထားဝယ်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် မှာဖြစ်ပါတယ်။
လက်ရှိမှာ ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဝန်ကြီးချုပ် ရာထူးတာဝန်ကနေ ရပ်နားလိုက်ကြောင်း နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် ကို ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။