တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ ဒီကနေ့ လက်မှတ်ရေးထိုးပွဲကို နေပြည်တော်က MICC -2 မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA ဆိုတာ တဖက်နဲ့တဖက် လက်နက်ကိုင်ပြီး ဖြေရှင်းခဲ့တဲ့ အခြေအနေကနေ စားပွဲဝိုင်းမှာဖြေရှင်းနိုင်အောင် စတင်လိုက်တာ လို့ ပြောကြားခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတွေကို လက်နက်ချခိုင်းတာလို့ မမှတ်ယူစေလိုကြောင်း ပြောကြားခဲ့သလို NCA မှာ လက်မှတ်ရေးထိုး တာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ခုသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လက်မှတ်ရေးထိုးပွဲမှာ ပြည်တွင်းပြည်ပက အသိသက်သေအဖြစ် ပါဝင်ခဲ့ကြပြီး ဒီကနေ့ အခမ်းအနားကို အစိုးရဘက်က နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဌတွေ၊ တပ်မတော်ခေါင်းဆောင်တွေ တက်ရောက်လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ ၈ဖွဲ့ရှိပြီး အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ဖဲ့ွနဲ့ဆိုရင် ၁၀ ဖွဲ့ရှိပြီဖြစ်ပါတယ်။
