စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်က မြို့ကုန်းဆေးရုံကို ဇွန်လ ၂ ရက်နေ့ မနက်အစောမှာ စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ကိုးနှစ်ကျော်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ၁၇ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၄ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာစောင့်တွေနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခင်ရှည်ကျေးရွာက ဆေးခန်းကိုလည်း ဇွန် ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆေးခန်းထိခိုက်ပျက်စီးခဲ့တဲ့အပြင် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG က ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာလို့ NUG က ထောက်ပြထားပါတယ်။
ဒီထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လျစ်လျူရှုမထားဘဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ သုံးပြီး မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့လည်း NUG ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စာရင်းတွေအရ အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်းပေါင်း ၃၄၃ လုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။