စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်အုပ်စုအဖြစ် NUG ကြေညာ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.12.08
စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်အုပ်စုအဖြစ် NUG ကြေညာ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ရုံးချုပ်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ရန်ကုန်မြို့၌ တွေ့ရစဉ်။
Photo:AFP

စစ်ကောင်စီ သက်ဆိုးရှည်စေဖို့ ဘဏ္ဍာရန်ပုံငွေတွေ နှစ်စဉ်ရှာဖွေထောက်ပံ့နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုတွေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ဒီကြေညာချက်ထဲမှာ ဦးပိုင်လီမိတက် နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့က လုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ်ချယ်လှယ်နေပြီး အဲဒီက ရရှိတဲ့အကျိုးအမြတ်တွေကို စစ်ကောင်စီက နိုင်ငံတစ်ဝန်းက အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေမှာ အသုံးချနေတယ်လို့ NUG က ပြောဆိုပါတယ်။

ဒီလုပ်ငန်းတွေကရရှိတဲ့ ဘဏ္ဍာငွေတွေကိုလည်း စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အရာရှိတွေ အကျိုးအတွက်သာ အသုံးချပြီး အောက်ခြေစစ်သည်တွေကေ ခံစားခွင့်မရှိဘူးလို့ ကြေညာချက်မှာဖော်ပြပါတယ်။

NUG အနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ ထိန်းချုပ်စီမံသွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပြီးခဲ့တဲ့၂၀၂၁ မတ်လ ၂၅ ရက် နေ့ကတည်းက ပိတ်ဆို့အရေးယူပြီး ဖြစ်ပါတယ်။

NUG က စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့တုံ့ပြန်ချက်ကိုရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။