အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုမှု မရှိသလောက် နည်းပါးနေချိန်မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရက ခန့်အပ်တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်တွေဟာ အခုကမ္ဘာ့နိုင်ငံ ခုနစ်ခုမှာ ရုံးခန်းတွေဖွင့်ထားပါပြီ။
သူတို့အနေနဲ့ တရားဝင် သံတမန်တွေအလားလုပ်ပိုင်ခွင့်တွေ ရရှိထားတယ်လို့ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်က RFA ကိုပြောပါတယ်။
"ကျနော်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အနေနဲ့ ဒီကနိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီး အသိအမှတ်ပြုတယ်။ ဒါပေမဲ့ အခုလောလောဆယ်ဆယ်မှာ မြန်မာနိုင်ငံရဲ့ အစိုးရအနေနဲ့ စစ်ကောင်စီကိုရော NUG ကိုရော အခုချိန်ထိ နိုင်ငံတကာက တိတိလင်းလင်း အသိအမှတ်မပြုသေးတဲ့အတွက်ကြောင့် သံအမတ်ဆိုတဲ့ ရာထူး ဒါမှမဟုတ်ရင်လည်း သံရုံးဆိုတာကတော့ နဂိုရှိရင်းစွဲ သံရုံးကိုပဲ သူတို့က သံရုံးလို့လောလောဆယ် အသိအမှတ်ပြုထားတယ်။ ဒါပေမဲ့လို့ ကျနော်တို့ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာမှန်သမျှကို သံတမန်အနေနဲ့ပဲ သဘောထားပြီးတော့။ ပြောရမယ်ဆိုရင်တော့ de facto embassy ဒါမှမဟုတ် de facto ambassador အနေနဲ့သဘောထားပြီးတော့ သူတို့ဆက်ဆံတယ်။ လောလောဆယ်မှာ ကျနော်တို့ ဒီဥရောပမှာဆိုလို့ရှိရင် ဒီချက်နိုင်ငံရယ်၊ ယူကေရယ်၊ နော်ဝေရယ်၊ ပြင်သစ်ရယ် လေးနိုင်ငံ နောက်ပြီးတော့ အာရှတိုက်မှာ ဆိုလို့ရှိရင်တော့ ကိုရီးယားနဲ့ ဂျပန်ရှိပါတယ်။ ပြီးတော့တစ်ခါ ... သြစတြေးလျနိုင်ငံမှာလည်းပဲ ကျနော်တို့ ကိုယ်စားလှယ်ရုံးတစ်ခုရှိပါတယ်"
သူတို့ဘာတွေလုပ်နေကြပါသလဲ။
"ကျနော်တို့ ကိုယ်စားလှယ်ရုံးရဲ့ လုပ်ငန်းဆောင်တာတွေက သံရုံးတစ်ရုံးရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ အလားတူပဲဖြစ်ပါတယ်။ ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီဘက်နိုင်ငံကိုရောက်နေတဲ့ မြန်မာကျောင်းသားတွေရှိတယ်။ မြန်မာကျောင်းသားတွေက ဒီဘက်ခြမ်းမှာ ဒီနွေဦးတော်လှန်ရေးကာလအတောအတွင်း ပြီးခဲ့တဲ့တစ်နှစ်ခွဲ အတောအတွင်းမှာ သူတို့လှုပ်ရှားခဲ့မှုတွေရှိတယ်။ သူတို့အနေနဲ့ ဒီမှာဆက်နေချင်တဲ့ ကိစ္စမျိုးတွေရှိတယ်။ အဲ့ဒီအခါကျလို့ရှိရင် သူတို့ရဲ့ဗီဇာသက်တမ်းတိုးပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီဘက်က သက်ဆိုင်ရာနိုင်ငံတွေကို ကျနော်တို့ ဆက်သွယ်ပေးရပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေ အားလုံးကို သက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေကိုသိအောင် အမြဲတမ်းအကြောင်းကြားပါတယ်။ နေ့စဉ်သတင်းတွေကို ကျနော်တို့ပို့တယ်။ ပြီးတော့ တောင်းဆိုစရာရှိတယ်ဆိုလို့ရှိရင် ကျနော်တို့တောင်းဆိုတာမျိုးတွေ ကျနော်တို့ရှိပါတယ်၊ ဥပမာကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကျင်းပမယ့်ရက်မျိုး၊ လုံခြုံရေးကောင်စီကျင်းပမယ့်ရက်မျိုးဆိုလို့ရှိရင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စတွေကို တောင်းဆိုပေးဖို့ အတွက်ကို ဒီကနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို ကျနော်တို့ပြောဆိုဆွေးနွေးပြီးတော့ တောင်းဆိုတာမျိုးတွေ ကျနော်တို့ရှိပါတယ်။ နောက်တစ်ခုကတော့ NUG က လုပ်ငန်းဆောင်တာတွေကို ကျနော်တို့ဒီဘက်နိုင်ငံတွေက အစိုးရတွေသိအောင် အမြဲမပြတ် သတင်းပို့ပါတယ်။ နောက်ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လောလောဆယ် အလိုအပ်ဆုံးဖြစ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေပေါ့နော်။ ဒီစစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အကူအညီတွေရအောင် ကြိုးစားပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ပြီးတော့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အဲ့ဒါတွေကို မပြည့်စုံမှုတွေ အများကြီးရှိတဲ့ကြားက လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီနိုင်ငံရပ်ခြားမှာရှိတဲ့ အစိုးရတွေကနေပြီးတော့ ဘယ်လိုကူညီနိုင်မလဲ ဆိုပြီးတော့ ကျနော်တို့ အမြဲတမ်းစုံစမ်းပါတယ်။ နောက်ပြီးတော့ ကူညီနိုင်မယ်ဆိုလို့ရှိရင်လည်းပဲ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးပြီးတော့ အဲ့ဒီဟာတွေကို ကျနော်တို့လက်တွေ့အကောင်အထည်ပေါ်အောင် NUG နဲ့ ကျနော်တို့ ဆက်စပ်ပြီးတော့ လုပ်ရတဲ့အနေအထားမျိုးတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးကတော့ အထူးသဖြင့် ဟိုးတုန်းကတည်းက ကျနော်တို့ မြန်မာနိုင်ငံမှာ အစိုးရချင်းဖြစ်စေ၊ NGO တွေနဲ့ဖြစ်စေ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အဲ့ဒီလုပ်ငန်းတွေက အခုလောလောဆယ်မှာ ရပ်ဆိုင်းနေပါတယ်။ အဲ့ဒီလုပ်ငန်းတွေကို ပြန်ပြီးတော့ ဆောင်ရွက်နိုင်အောင်၊ ဆောင်ရွက်တဲ့ အခါမှာလည်းပဲ စစ်ကောင်စီကနေ တစ်ဆင့်သွားပြီးတော့ အကူအညီပေးပြီးတော့ ဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ NUG ကနေတစ်ဆင့် ကျနော်တို့ ဒီဘက်မှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော်တဲ့ ကိစ္စမျိုးဖြစ်လာအောင် ကျနော်တို့က ဒီဘက်ကနေ ကြိုးစားပေးရပါတယ်"
သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးထွန်းအောင်ရွှေကလည်း သူတို့ရုံးအဖွဲ့မှာ လူအင်အား ၃၅ ယောက်ခန့်ရှိပြီး ဌာနအလိုက်တာဝန်တွေခွဲပြီး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“Political section ကတော့ သြစတြေးလျရဲ့နိုင်ငံရေးအနေအထားတွေ ကျနော်တို့လေ့လာတယ်။ နောက်ပြီးတော့မှ NUG ကိုပြန်ပြီး briefing လုပ်တယ်။ ဒုတိယကတော့ consular section ကတော့ ဒီသြစတြေးလျကိုရောက်နေတဲ့ မြန်မာပတ်စပို့ကိုင်ထားတဲ့ကျောင်းသားတွေ skilled migrants သက်မွေးဝမ်းကျောင်းပညာရှင်တွေ သူတို့ရင်ဆိုင်နေရတဲ့ ဒီပတ်စပို့နဲ့ပတ်သက်တဲ့ issue တွေ နောက်ဗီဇာနဲ့ပတ်သက်တဲ့ issue တွေ၊ ဒီ section ကကိုင်ရတယ် ပြီးတော့မှ သက်ဆိုင်ရာသြစတြေးလျအစိုးရရဲ့တာဝန်ရှိတဲ့သူတွေကိုတင်ပြပေးတာ။ ပြောဆိုပေးတာတွေလုပ်ပါတယ်။ နောက်တစ်ခုကတော့ cultural and education section ဆိုတာပါ။ ဒါကတော့ NUG ပညာရေးဝန်ကြီးဌာန က ဆောင်ရွက်ချင်တဲ့လုပ်ငန်းတွေအတွက်ကူညီပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးပြင်ဆင်နေတာတွေတော့ရှိပါတယ်။ စတုတ္ထကတော့ ကျနော်တို့ ရုံးအဖွဲ့ပေါ့လေ အဲ့ရုံးအဖွဲ့ကတော့ ကျနော်တို့ news letter လေးထုတ်တယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့အနေအထားတွေကို သြစတြေးလျမှာရှိတဲ့ နိုင်ငံရေးသမားတွေပိုပြီးတော့သိဖို့နဲ့ နောက် NUG ရဲ့ မူဝါဒတွေ ဆောင်ရွက်နေတာတွေကို သိနိုင်ဖို့ပေါ့နော် NUG ရဲ့ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းတွေကိုလည်း ဒီအဖွဲ့ကပဲ လုပ်ပါတယ်။”
ဦးထွန်းအောင်ရွှေ က သူတို့ကိုယ်စားလှယ်ရုံးအသစ်ကို သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာ ရှေ့လအတွင်း ဖွင့်ဖို့ကြိုးစားနေပါတယ်။
ဒီအတောအတွင်း ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးစောဘလှသိန်းကလည်း ဂျပန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သူတို့ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဒီမှာကိုယ်စားလှယ်ခန့်ပြီးတော့ အဲ့ဒီနှစ်လပိုင်း တစ်ရက်နေ့က သူတို့ကို official အကြောင်း ကြားထားတဲ့အပြင် ဆရာမဒေါ်ဇင်မာအောင်တို့ဘက်ကနေပြီးတော့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို သူတို့စာနဲ့ အကြောင်းကြားထားပါတယ်ခင်ဗျ။ ပြီးတော့ အခုလောလောဆယ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကျနော်တို့ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်နေတာရှိပါတယ်ခင်ဗျ။ ဒီအချိန်မှာတော့ ဒီစကစကလည်း government မဟုတ်ဘူးပေါ့နော် ဒီ NUG ကလည်း သူတို့ government မဟုတ်သေးတဲ့အတွက်ကြောင့် နှစ်ခုစလုံးကို သူတို့ government အနေနဲ့ သူတို့ မသတ်မှတ်သေးဘူးပေါ့နော်။ အဲ့ဒီအပိုင်းမှာ ကျနော်တို့ ကတော့ ဒီ NUG ကို ဂျပန်အစိုးရကနေပြီးတော့မှ အသိအမှတ်ပြုဖို့အတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်ခင်ဗျ။”
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆိုင်းဖူဒင်က သူတို့နိုင်ငံမှာ ရုံးခန်းဖွင့်ခွင့်ပြုဖို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆွေးနွေးခဲ့တယ်လို့ မေလ ၁၄ ရက်နေ့က RFA ကိုပြောပါတယ်။
အခြားနိုင်ငံတချို့မှာလည်း ရုံးခန်းတွေဖွင့်ဖို့ ကြိုးစားနေတယ်လို့ NUG ခေါင်းဆောင်တွေကပြောပေမယ့် အတိအကျ မသိရသေးပါဘူး။