ရေဘေးကြောင့် လူအသေအပျောက် တစ်ထောင်ကျော်ရှိပြီလို့ NUG ထုတ်ပြန်
2024.09.25
တိုင်ဖွန်းရာဂီကြောင့် နိုင်ငံတစ်ဝန်း ရေကြီးတာနဲ့ မြေပြိုတဲ့အတွက် သေဆုံးနဲ့ ပျောက်ဆုံးသူ စုစုပေါင်း လူ တစ်ထောင်ကျော်ထိ ရှိလာပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က စက်တင်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေကြောင်းနဲ့ ရေဘေးသင့် ပြည်သူတွေဆီ ပို့မယ့် ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ သိမ်းဆည်းရုံမက ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့နေကြောင်းလည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီ စာရင်းတွေမှာ စက်တင်ဘာ ၂၄ ရက်အထိ ရေဘေးသင့်သူ ကိုးသိန်းခွဲကျော်တိုးလာပြီး ၄၁၉ ယောက် သေဆုံးတယ်လို့ ဖော်ပြပါတယ်။ နေအိမ် သုံးထောင်နီးပါးနဲ့ လမ်းတံတား တစ်ထောင်နီးပါး ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၂၁ ရက်ကထုတ်တဲ့ စာရင်းအရ မြန်မာမှာ ရေဘေးကြောင့် လူ တစ်ရာနီးပါး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းက စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲကျော် ရေဝင်ပျက်စီးခဲ့ရပြီး RFA က စုံစမ်းမေးမြန်းချက်တွေအရ ကယား၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက တောင်သူ ရှစ်သောင်းလောက် ထိခိုက်နစ်နာခဲ့ရပါတယ်။