အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်လွှတ်တော်တွင်း မြန်မာ့အရေးဆောင်ရွက်နေတဲ့ သြဇာကြီးလွှတ်တော်အမတ်တွေနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးကို ခေတ်အဆက်ဆက် ထောက်ခံအားပေးလာသူတစ်ဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကော်နယ် (Mitch McConnell)၊ ဒီမိုကရက်တစ်အမတ် Jeff Merkley, Edward Markey တို့နဲ့ အမေရိကန်လွှတ်တော်အဆောက်အအုံတွင်းမှာ သီးခြားစီတွေ့ဆုံခဲ့တာပါ။
စစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို အံတုပြီး မြန်မာ့ဒီမိုကရေစီပြန်ရရေး ကြိုးပမ်းနေမှုတွေနဲ့ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုတွေ ဆက်ရှိနေဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ မစ်ချ် မက်ကော်နယ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

ဒီမိုကရက်တစ်အမတ် Jeff Merkley, Edward Markey တို့နဲ့ တွေ့ဆုံချိန်မှာတော့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက်တစ်လမ်းဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုခဲ့တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီကို ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းကတည်းက ရောက်နေပြီး အမေရိကန်အစိုးရပိုင်းက အကြီးအကဲတွေနဲ့ လိုက်လံတွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။