NUG အစိုးရနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေး

2021.09.24
NUG အစိုးရနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေး NUG အစိုးရကိုယ်စားလှယ်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံတို့ ၂၀၂၁ စက်တင်ဘာ ၂၄ ရက်နေ့က ဆွေးနွေးစဥ်
Photo: U.S Embassy Rangoon
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ဝန်ကြီးအချို့နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet တို့ မြန်မာ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် Mr. Derek Chollet က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် NUG က ဦးဆောင်ပြီး လုပ်ဆောင်နေတာ တွေကို အသိအမှတ်ပြုကြောင်းနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ် ဆောင်နေကြသူအားလုံးကိုလည်း အမေရိကန်ရဲ့ အားပေးထောက်ခံမှု မလျှော့ဘူးလို့ ပြောခဲ့ကြောင်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ဒါ့အပြင် တိုင်းရင်းသားတွေနဲ့ ဘာသာရေးအုပ်စုတွေ အပါအဝင် လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကို လေးစားတန်ဖိုးထားရေးတွေလည်း ဆွေးနွေးတဲ့အထဲ ပါဝင်တယ်လို့ သံရုံးက ထုတ်ပြန်ပါတယ်။
 
NUG အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင် ကျော်မိုး၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ NUG ဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
 
ဆွေးနွေးပွဲမှာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေနဲ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး အကူအညီပေးရေးဆိုင်ရာကိစ္စတွေ ပါဝင်တယ် လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။