တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စုဖွဲ့ဆောင်ရွက်မှုတွေ၊ လက်နက်တပ်ဆင်မှုတွေ ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
မေလ ၅ ရက် မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖွဲ့စည်းတဲ့ တစ်နှစ်ပြည့် မိန့်ခွန်းမှာ အခုလို ပြောခဲ့တာပါ။
ပြည်သူ့ကာကွယ်ရေးတပ် PDF ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီး စစ်ဒေသကြီးတွေ၊ စစ်ဒေသခွဲတွေနဲ့ အထူးစစ်ဒေသတွေကိုလည်း ဖွဲ့စည်းဆောင်ရွက်ထားနိုင်ပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် ထူထောင်နိုင်အောင် အခက်အခဲတွေကြားကနေ အားပေးကူညီဝန်းရံပေးခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်းရေးအဖွဲ့အစည်းတွေ၊ EROs တွေကို လေးစားကျေးဇူးတင်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကို တစ်နှစ်ပြည့်မြောက်တဲ့အထိ စိတ်ဓာတ်ကျဆင်းတာမရှိဘဲ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်နေအပေါ် ချီးကျူးပြောကြားထားသလို စစ်အာဏာရှင် ချုပ်ငြိမ်းပြီး ပြည်သူတွေအားလုံး လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ထောင်နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ကို ပြောကြားပါတယ်။
တပြိုင်နက်မှာပဲ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု မူဝါဒ နဲ့ စီမံချက်တွေကို စတင်အကောင်အထည်ဖော်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၅ ရက် မနေ့က ကြေညာလိုက်ပါတယ်။
တဆက်တည်းမှာပဲ ပြည်ထောင်စုနဲ့ပြည်နယ် ဖက်ဒရယ်ယူနစ်အကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါက သက်ဆိုင်ရာပြည်နယ်၊ ဖက်ဒရယ်ယူနစ်တွေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။